ပဲခူး ၉ မတ်

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာအုပ်စု ကုလားကြီးကုန်းကျေးရွာတွင် NEP စီမံကိန်းဖြင့် 11 KV ဓာတ်အားလိုင်းနှင့် 100 KVA ထရန်စဖော်မာတစ်လုံး တပ်ဆင်၍ ကျေးရွာမီးလင်းရေး ကော်မတီမှ ကိုယ့်အားကိုယ်ကိုး 400 V ဓာတ်အားလိုင်းများ တည်ဆောက်ပြီး လျှပ်စစ်မီးလင်းရေးအောင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၈ ရက် ညနေ ၄ နာရီက ကျင်းပခဲ့သည်။

 

3081

 

ဖွင့်ပွဲတွင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးတို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ထိန်တပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်မှ မီးလင်းနိုင်ရေး ပံ့ပိုးခဲ့ကြသည့် တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ထို့နောက် ပိန်းဇလုပ်မြို့ လျှပ်စစ်မှူး ဦးအေးထွဋ်နှင့် ညောင်လေးပင်မြို့ လျှပ်စစ်မှူး ဦးမောင်စိုးတို့မှ လျှပ်စစ်သုံးစွဲမှုနှင့် အန္တရာယ်ရှိမှုများအား ရှင်းလင်းဆွေးနွေးကာ လျှပ်စစ်ဝန်ထမ်းများမှ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းညွန့်မှ ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

 

2327

 

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက လျှပ်စစ်ထရန်စဖော်မာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လမ်းမီးများ ဖွင့်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 

ဗိုလ်သိန်း(ဖဒို)