မယ်စဲ့ ၉ မတ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မတ် ၈ ရက် မွန်းလွဲ ၂ နာရီက မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကူးစက်ရောဂါအမျိုးမျိုး ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုရိုနာဗိုင်းရပ်ရောဂါနှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲပြသရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝတ်ရည်(ပြန်/ဆက်)