ကျောက်တံခါး ၉ မတ်

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကြိမ်ခါးကုန်းကျေးရွာအုပ်စု နတ်လောင်းကျေးရွာ၌ မတ် ၈ ရက် ညနေ ၅ နာရီက ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲနွယ်ကုန်းမြို့ လျှပ်စစ်မှူး ဦးနိုင်အောင်လတ်မှ ကျေးလက်နေပြည်သူများ လျှပ်စစ်မီးရရှိရေးကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ ဆောင်ရွက်ပေးလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်မီးသုံးစွဲမှု နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

3.

 

ထို့နောက် ပဲနွယ်ကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဧရာမင်းနှင့် နတ်လောင်းကျေးရွာ ရပ်မိရပ်ဖ ဦးစိန်လှတို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မီးလင်းရေးဖွင့်ပွဲအား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးဧရာမင်း၊ လျှပ်စစ်မှူး ဦးနိုင်အောင်လတ်နှင့် ရပ်မိရပ်ဖ ဦးစိန်လှတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

နတ်လောင်းကျေးရွာ လျှပ်စစ်မီးလင်းရေးကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ ထရန်စဖော်မာ 11/0.4 KV တစ်လုံးနှင့် 11 KV ဓာတ်အားလိုင်းကြိုးများကို ပံ့ပိုးသွယ်တန်းပေးခဲ့ပြီး ကျေးရွာအတွင်း မီးလင်းနိုင်ရေးကို ကျေးရွာသူကျေးရွာသားများမှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)