ကြံခင်း ၉ မတ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် ကာလအတွင်း မီးဘေးလုံခြုံမှုရှိစေရေး၊ ကျောင်းသားကျောင်းသူများ စာဖြေရာတွင် အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာသင်ခန်းသန့်ရှင်းမှု၊ ထိုင်ခုံများခိုင်ခံ့စွာ ထားရှိမှုအပြင် မေးခွန်းတိုက် လုံခြုံမှု စသည်တို့ကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် ပူးပေါင်းအဖွဲ့ဝင်များက အ.ထ.က-၁ (ကြံခင်း)၊ အ.ထ.က(ဘက်ရဲ)၊ အ.ထ.က (ဆိပ်သာ)၊ အ.ထ.က(မျောက်ချောကုန်း)နှင့် အ.ထ.က(ရေနံတောင်) စာစစ်ဌာနတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခြင်းကို မတ် ၁၁ ရက်မှ ၂၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုး (ပြန်/ဆက်)