မန္တလေး  ၉  မတ်

 

မန္တလေးနည်းပညာတက္ကသိုလ် MTU တွင် ပထမအကြိမ် စက်ရုပ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့ပြီး မေဂျာပေါင်းစုံမှ အသင်း ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် တစ်သင်းနှင့်တစ်သင်း အပြိုင်အဆိုင်တိုက်ခိုက်ရသည့် Sumo fight နှင့် ပစ္စည်းများကို တစ်သင်းနှင့်တစ်သင်း အပြိုင်အဆိုင် သယ်ယူပို့ဆောင်ရသည့် Transporter bot ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

 

42

 

“စက်ရုပ်နည်းပညာကို စိတ်ဝင်စားသူတွေများတယ်၊ ကျောင်းပေါင်းစုံပြိုင်ပွဲတွေမှာဆို အများအားဖြင့် တစ်ကျောင်းကို တစ်သင်းစီပဲ ပြိုင်ခွင့်ရကြတာများပါတယ်၊ အခုလို ကိုယ့်ကျောင်းမှာကို ပြိုင်လိုက်တော့ အခြားစိတ်ဝင်စားသူတွေပါ ပြိုင်နိုင်ပြီး ပြိုင်ပွဲအတွေ့အကြုံတွေရတယ်၊ မေဂျာ (၅)ခုက ကျောင်းသားတွေ ပြိုင်ကြတယ်၊ Robort နည်းပညာကို စိတ်ဝင်စားကြတယ်၊ ဒါကြောင့် ပြိုင်ပွဲမစခင်မှာ နည်းပညာမျှဝေပေးတဲ့ ကျောင်းသားကလပ်တစ်ခု ထောင်ထားတယ်၊ စိတ်ဝင်စားမှုများပြီး လာလေ့လာကြတယ်၊ ဒီပွဲကို ပြုလုပ်လိုက်တဲ့အတွက် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိလဲဆိုတာကို သိရပါတယ်၊ စက်ရုပ်နည်းပညာတွေ၊ ဒရုန်းနည်းပညာတွေက ဒီနှစ်ပိုင်း ပိုပြီးထွန်းကားလာတယ်၊ အမြဲတမ်း နည်းပညာအသစ်အသစ်တွေ ရှိလာတယ်၊ လူမလုပ်နိုင်တာတွေ၊ အန္တရာယ်ရှိတဲ့ အရာတွေမှာလဲ စက်ရုပ်ကို အစားထိုးပြုလုပ်လာတယ်” ဟု ပြိုင်ပွဲစည်းမျဉ်းတာဝန်ခံ MTU ကျောင်းသား ပြည့်ထူးခန့်က ပြောသည်၊၊

 

“စက်ရုပ်ပြိုင်ပွဲရှိတယ်ဆိုတော့ အတွေ့အကြုံတစ်ခုရချင်တာ၊ ကျောင်းမှာ ပြိုင်ပွဲလေးလုပ်တုန်း ပရော့ဂျက်တစ်ခု လုပ်ဖြစ်အောင် ဝင်ပြိုင်ခဲ့တာပါ၊ ယောက်ျားလေးတွေကတော့ ငယ်ငယ်ထဲက ဒီလိုကစားနည်းမျိုးတွေနဲ့ နီးနီးစပ်စပ် ရှိနေကြတယ်၊ ညီမတို့ကြတော့ ငယ်ငယ်က ဒီလိုအလေ့အကျင့်မရှိခဲ့ဘူး၊ ပိုပြီးလေ့လာခဲ့ရတယ်၊ ညီမတို့အသင်းမှာဆို မိန်းကလေးသုံးယောက် ပြိုင်ခဲ့တာ၊ မိန်းကလေးတွေဆိုတော့ ပရိုဂရမ်ရေးတာကအစ၊ ဆာ့ကစ်ဆင်တာ၊ ဒီဇိုင်းအဆုံး အခက်အခဲတွေ ရှိခဲ့တယ်၊ ပြိုင်ပွဲလေးလုပ်ပေးတာ အရမ်းဝမ်းသာတယ်၊ အခွင့်အရေးတစ်ခုရတာပါ၊ ပြိုင်ပွဲပြိုင်ရမှာဆိုတော့ ဒါကို တစိုက်မက်မက် လေ့လာပြီး လုပ်နိုင်ပါတယ်၊ ကျောင်းသူကျောင်းသားတွေအတွက် အခွင့်အရေးတစ်ခုပါဟု” တတိယနှစ် ကျောင်းသူ စုထူးရတနာက ပြောသည်။

 

အဆိုပြိုင်ပွဲတွင် မေဂျာ(၅)ခုမှ အသင်း(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ဝေဖြိုးအောင်