ရန်ကုန် ၉ မတ်
မွန်ပြည်နယ် သထုံခရိုင် ဘီလင်းမြို့နယ် ဇုက္ကလိကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင်မြသိန်းတန် စေတီတော်ကို လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ဆပ်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော် ဆပ်ကပ်တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် ပရိဝဏ်အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချူပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ၊ မွန်ပြည်နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသာသန၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် တာဝန်ရှိသူများက ထူပဝင်သမိုင်းကျောက်စာကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက (၉)ပါးသီလခံယူဆောက်တည်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချူပ်နှင့် နယ်စပ်တောင်တန်း ဒေသသာသနာ့နုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌက လှူဒါန်းရခြင်းကို ရှင်းလင်းလျှောက်ထား၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထူပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြကာ ဒုတိယကျိူက်ထီးဆောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပထံမှ အနုမော ဒနာတရား နာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင် မြသိန်းတန်စေတီတော်ကို လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ဆပ်ကပ်ခြင်းနှင့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တို့ကို တင်လှူပူဇော်ကြသည်။
နေလင်း