၉ မတ်

 

မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၃)ကို မတ် ၁၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲစဉ် (၃) အဖြစ် ယနေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ မြန်မာကလပ် ရန်ကုန်အသင်းနှင့် စင်ကာပူကလပ် ဟောင်အန်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံ၌ စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ရမှတ်ရရှိမှုအနေအထားအရ မြန်မာကလပ်အသင်းနှစ်သင်းစလုံး နိုင်ပွဲရရန် လိုအပ်နေပြီး အမှတ်ပြည့်ရမှသာ နောက်တစ်ဆင့်တက်ရန် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။  မြန်မာကလပ်အသင်းများသည် အုပ်စုတတိယပွဲကို တစ်ရက်တည်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရန်ကုန်အသင်းက အိမ်ကွင်း၊ ရှမ်းယူနိုက်တက်အသင်းက အဝေးကွင်း ကစားရမည်ဖြစ်သည်။

 

အာဆီယံဇုန်  အုပ်စု (H) တွင် ကာယာ (ဖိလစ်ပိုင်) နှင့် တမ်ပနိစ်ရိုဗာ (စင်ကာပူ) က လေးမှတ်စီ၊ မာကာဆာ (အင်ဒိုနီးရှား) က သုံးမှတ်ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာ နှစ်ပွဲစလုံး အရေးနိမ့်ထားသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် နှစ်ပွဲစလုံး အရေးနိမ့်ထားသောကြောင့် ယခုပွဲမှာ အရေးကြီးနေပြီး အမှတ်ပြည့်ရယူနိုင်ရန် လိုအပ်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပွဲတွင်  ကာယာအသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ ဒုတိယပွဲတွင် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းကို အဝေးကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်မည့် တမ်ပနိစ်ရိုဗာအသင်းသည် ပထမပွဲတွင် မာကာဆာအသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဒုတိယပွဲတွင် ကာယာအသင်းနှင့် အဝေးကွင်း၌ ဂိုးမရှိသရေကျခဲ့သည်။

 

အုပ်စု (F) တွင်မူ ဟိုချီမင်းစီးတီး (ဗီယက်နမ်)နှင့် ရန်ကုန်(မြန်မာ)တို့က လေးမှတ်စီ၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)က သုံးမှတ်ရထားပြီး လာအိုတိုယိုတာ (လာအို)က နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည့် ရန်ကုန်အသင်းသည် ပထမပွဲတွင် ဟိုချီမင်းစီးတီးအသင်းကို အိမ်ကွင်း၌ နှစ်ဂိုးစီသရေကျပြီး ဒုတိယပွဲတွင် လာအိုတိုယိုတာအသင်းကို အိမ်ကွင်း၌ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းနှင့် ကစားမည့် ဟောင်အန်အသင်းသည် ပထမပွဲတွင် လာအိုတိုယိုတာအသင်းကို အဝေးကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဒုတိယပွဲတွင် ဟိုချီမင်းစီးတီးအသင်းကို အိမ်ကွင်း၌ သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

                        

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်