ပဲခူး ၁၀ မတ်

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ် ၉ ရက် မွန်းလွဲ ၁ နာရီက ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုးယွန်းကြီးခန်းမ၌ ဝေါမြို့နယ်ပြည်သူများနှင့် တွေ့ဆုံပြီး တိုင်ကြားတင်ပြစာများအား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများမှ တင်မြှောက်သော ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရန်၊ ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအစိုးလက်ထက်တွင် ဒီမိုကရေစီ စံချိန်စံညွှန်းအတိုင်း မတူကွဲပြားမှုများကို လေးစားလက်ခံပြီး စုပေါင်းအားတစ်ရပ် ဖော်ဆောင်ကာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ကျေးရွာများတွင် လယ်ယာမြေပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး မိမိတို့အစိုးရအနေဖြင့် တောင်သူလယ်သမားများဘက်မှ ရပ်တည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေများ မူလတောင်သူများလက်ဝယ် အမြန်ဆုံးရောက်ရှိစေရေး မြေ/စစ်ကော်မတီ၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ တင်ပြစာများဖြစ်သည့် စွန့်လွှတ်မြေများနှင့် စိုက်ပျိုးမြေများကို(မြေ/စစ်) မူအရမဟုတ်ဘဲ စီမံခန့်ခွဲမှုကိစ္စ၊ အခြားနည်းသုံးစွဲခွင့်မရှိဘဲ ကျူးကျော်အိမ်များ ဆောက်လုပ်၍ မီးများပေးထားမှုကိစ္စ၊ မြောင်းတူးဖော်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုအပေါ် တင်ပြခြင်းကိစ္စ၊ လျှပ်စစ်မီးလင်းရေးကိစ္စ၊ အိမ်ထောင်စုနှင့် မှတ်ပုံတင်များ ဧပြီလတွင် ကွင်းဆင်းဆောင်ရွက်ပေးရေးကိစ္စ၊ ဆေးခန်းမြေနေရာဆိုင်ရာကိစ္စ၊ ကျောင်းမြေ၊ လျှပ်စစ်မီး၊ အဆောက်အဦးကိစ္စ၊ ဥပဒေမဲ့စွာ အနိုင်အထက်ပြုမှုအပေါ် တင်ပြခြင်းကိစ္စ စသည့်ကိစ္စရပ်များနှင့် အခြားမြေယာကိစ္စဆိုင်ရာ တိုင်ကြားစာကို ဝန်ကြီးချုပ်မှ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)