ဘုတလင် ၁၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုကျေးရွာနှင့် ဆပ်သဖူးပင်ရိုးကျေးရွာတို့တွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၉ ရက် ညနေပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေး အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
“ကုက္ကိုစုကျေးရွာမှာ ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေ(၁၅ ဒသမ ၉)သန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်း၊ ရေဂါလန်(၂၄၀ဝ)ဆံ့ အမြင့်ရေစင်နဲ့ ရေစက်ရုံတို့ကို KKM ကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး ဆပ်သဖူးပင်ရိုးကျေးရွာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ(၁၄ ဒသမ ၇) သန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်း၊ ရေဂါလန်(၂၀ဝ၀)ဆံ့ ရေကန်နဲ့ ရေစက်ရုံတို့ကို Goldern Novel Era ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလအတွင်း ပြီးစီးရေးနဲ့ စံချိန်စံညွှန်း ပြည့်မီရေး ကွင်းဆင်းစစ်ဆေးလျက် ရှိပါတယ်”ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုက္ကိုစုကျေးရွာနှင့် ဆပ်သဖူးပင်ရိုးကျေးရွာ အပါအဝင် ပြည်ထောင်စုရန်ပုံငွေဖြင့် (၄)ရွာ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် (၃)ရွာ၊ စုစုပေါင်း ကျေးရွာပေါင်း (၇)ရွာတွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဖိုးခါး(ပြန်/ဆက်)