နေပြည်တော် ၁၀ မတ်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဦးစီးဌာန ရုံးချုပ်သင်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုဖွင့်လှစ်သည့် စွန်းရည်မြှင့် သင်တန်းများသည် ယခင်သင်တန်းများနှင့် မတူညီသည်ကို တွေ့ရပါကြောင်း၊ ယခင် သင်တန်းများတွင် သတင်းရေးသားနည်းသင်တန်း၊ Mobile Journalism ဟုခါ်သည့် စမတ်ဖုန်းတစ်လုံးဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းနှင့် သတင်းရေးသား တည်းဖြတ်ပေးပို့ခြင်း သင်တန်း၊ ငွေစာရင်းထိန်းသိမ်းခြင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းသင်တန်း၊ ရုံးလုပ်ငန်းနှင့် ရုံးစာရေးသားနည်းသင်တန်း၊ စာကြည့်တိုက်ပညာသင်တန်းနှင့် Media and Information Literacy ဟုခေါ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဆိုင်ရာသင်တန်း စသည်ဖြင့် ဘာသာရပ်တစ်ခုချင်းကို အထူးပြုသင်ကြားပို့ချသည့် သင်တန်းများ ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် အဆိုပါဘာသာရပ်များ အားလုံးပါဝင်ပြီး ရက်သတ္တပတ် ၃ ပတ်ကျော်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း။

 

ယခုအခါ လူအများစုမှာ လက်ကိုင်တယ်လီဖုန်းများမှတစ်ဆင့် အွန်လိုင်းမီဒီယာများကို ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြသော်လည်း မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအားနည်းကြပါကြောင်း၊ ပြည်သူများအကြား စိုးရိမ်ကြောက်ရွံ့စိတ်၊ အချင်းချင်း သံသယစိတ်နှင့် အမုန်းတရားများ လှုံ့ဆော်ပေးသည့် သတင်းတု သတင်းမှားနှင့် ကောလာဟလ စသည်တို့သည်  အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိပါကြောင်း၊ အွန်လိုင်းပေါ်တွင် မတင်သင့်သည်များ၊ ထပ်ဆင့်မမျှဝေသင့်သည်များ၊  ပါဝင်ဆွေးနွေးခြင်းနှင့် သဘောထားမှတ်ချက် မပြုသင့်သည်များကို ခွဲခြားသိရှိ ပိုင်းခြားဝေဖန် ဆန်းစစ်တတ်စေရန်အတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ  သိနားလည်မှု ပညာရပ်ဘာသာရပ်နှင့် သတင်းရေးသားထုတ်ပြန်ခြင်း ဘာသာရပ်တို့ကို ယခုသင်တန်း၌ အရေးကြီးသည့် ဘာသာရပ်များအဖြစ် ထည့်သွင်းပို့ချသွားမည် ဖြစ်ပါကြောင်း။

 

သင်တန်းကို စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ပြီး ရရှိသည့် အသိပညာ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက်အသုံးချကာ လုပ်ဖော်ကိုင်ဖက်များကိုလည်း မျှဝေပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ယခုသင်တန်းကို ဧပြီ ၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒုတိယဦးစီးမှူးအဆင့်ရှိ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်