မိတ္ထီလာ ၁၀ မတ်

 

မိတ္ထီလာမြို့နယ်၊ ကန်နီကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် (၆၁) ကြိမ်မြောက်၊ ဆုတောင်းချမ်းသာ ရွှေဘုံသာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းဒုန်းစီးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ၎င်းကျေးရွာအနီးရှိ မြင်းပြိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

“ညောင်ကုန်းကျေးရွာ (၆၁) ကြိမ်မြောက် ဆုတောင်းချမ်းသာ ရွှေဘုံသာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာမြင်းဒုန်းစီးပြိုင်ပွဲကို မြန်မာ့ရိုးရာ မြင်းစီးအားကစား ကော်မတီက ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။ မြင်းအငယ်တန်း ဒုန်းစီးပြိုင်ပွဲနဲ့ မြင်းအကြီးတန်း ဒုန်းစီးပြိုင်ပွဲဆိုပြီး နှစ်မျိုးခွဲခြား ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ပထမနေ့ မြင်းပြိုင်ပွဲမှာ အငယ်တန်း ဒုန်းစီးပြိုင်ပွဲ ၄ ပွဲနဲ့ အကြီးတန်း ဒုန်းစီးပြိုင်ပွဲ ၄ ပွဲ စုစုပေါင်း ၈ ပွဲ ကျင်းပတာ ဖြစ်ပါတယ်” ဟု  မြင်းပြိုင်ပွဲ ကျင်းပရေးကော်မတီမှ  မိတ္ထီလာခရိုင်မြင်းစီးအသင်း ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက ပြောသည်။

 

မြင်းပြိုင်ပွဲသို့ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှမြင်းစီးဝါသနာရှင်များသာမက မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်များမှ မြင်းစီးပြိုင်ပွဲဝင်များလည်း လာရောက်ယှဉ်ပြိုင်ကြသဖြင့် ပြိုင်ပွဲမှာ အကြိတ်အနယ်ရှိသည်။ ရပ်ကွက်ကျေးရွာ အများအပြားမှ မြင်းပွဲဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြကြောင်းနှင့် ပြိုင်ပွဲအား မတ် ၁၁ ရက်တွင် တစ်ရက်ရပ်နားပြီး ဗိုလ်လုပွဲအား မတ် ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)