ပူတာအို ၁၀ မတ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းတွင် အားကစားနည်း လေးမျိုးအား မတ် ၁၆ ရက်မှ ၃၁ ရက်နေ့အထိ ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ပြေးခုန်ပစ်အားကစားနည်းကို နေ့စဉ် နံနက် ၈ နာရီမှ ၁၀ နာရီအထိလည်းကောင်း၊ ကရာတေး အားကစားနည်းကို နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ Aerobic(Fitness Dance) အားကစားနည်းကို နံနက် ၉ နာရီမှ ၁၂ နာရီအထိလည်းကောင်း၊ ဘောလုံးအားကစားနည်းကို ညနေ ၃ နာရီမှ ၅ နာရီအထိလည်းကောင်း သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ပူတာအိုမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင် လူငယ် မောင်မယ်များအား အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်လာစေရန်၊ အားကာသိပ္ပံသင်တန်းသားရရှိရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်ဖွံ့ဖြိုး မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပူတာအိုမြို့နယ်မှ အာကာသိပ္ပံကျောင်းသို့ သင်တန်းသား သုံးဦး ရွေးချယ်တက်ရောက်ခွင့် ရရှိခဲ့ကြောင်း ပူတာအိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့ထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)