ရန်ကုန် ၁၀ မတ်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံလမ်းရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၌ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေတိုက်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဘဏ္ဍာရေးနှစ်အတွင်း ဘဏ်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဘဏ်၏ ဝင်ငွေရရှိမှုများ၊ e-Government လုပ်ငန်းဆောင်ရွက်မှုနှင့် National Payment Switch ဆောင်ရွက်မှု၊ ဖြေလျှော့ဆောင်ရွက်ပေးနေမှုများနှင့် ဝန်ဆောင် မှုလုပ်ငန်းသစ်များ တိုးချဲ့ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ သွက်လက်ချောမွေ့စွာ ဝန်ဆောင်မှုပေးရေး၊ ငွေကြေးအလွဲသုံးစားမှု မရှိစေရေး ဘဏ်၏ ဝင်ငွေတိုးမြှင့်ရရှိရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းသစ်များ တိုးချဲ့ဆောင်ရွက်ရေး၊ ငွေကြေး ကိုင်တွယ်သုံးစွဲသည့် အလေ့အကျင့်မှ Cashless Society ဖြစ်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ကြရေး၊ ဘဏ်တွင်း၌ Productive မဖြစ်သည့် အပ်ငွေများ စုဆောင်း ထားရှိနေခြင်းအစား ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကိုအားပေးသည့် စုဆောင်းငွေများ ဖြစ်စေရေး၊ ဘဏ်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး၊ လုပ်ငန်းခွင်သင်တန်းများ စဉ်ဆက်မပြတ် ပို့ချဆောင်ရွက်ရေးနှင့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနိုင်ရေး တို့အတွက် ပိုမိုအားထုတ် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
သတင်းစဉ်