၁၀ မတ်
၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု တတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကလပ်အသင်းများအနက် ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်း၌ အနိုင်ရပြီး ရှမ်းယူနိုက်တက် အသင်းမှာမူ အဝေးကွင်း၌ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။
ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက စင်ကာပူကလပ် ဟောင်အန်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် ယခုပွဲအနိုင်ရခဲ့သောကြောင့် အာဆီယံဇုန် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် မျှော်လင့်ချက်ပိုကောင်းလာခဲ့သည်။ ရန်ကုန်အသင်းသည် ခြေအသာဖြင့် ကစားနိုင်သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် မိနစ် ၈၀ ကျော်တွင် ရရှိသည့် တစ်ဂိုးဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းသည် ဂိုးသမားနေရာတွင် ကျော်ဇင်ထက်အစား ဆန်းဆက်နိုင်ကို အသုံးပြုသည်မှလွဲ၍ နိုင်ငံခြားသားကစားသမား လေးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ဟောင်အန်အသင်းမှာမူ နိုင်ငံခြားသားများအပါအဝင် လူစုံအသုံးပြုခဲ့သော်လည်း ခံစစ်သာအားပြုကစားခဲ့ပြီး ပထမပိုင်းတွင် တိုက်စစ်ဆင်ကစားနိုင်ခြင်းမရှိခဲ့ပေ။ ရန်ကုန်အသင်းသည် ပွဲစကတည်းကတိုက်စစ်ဖွင့်ကစားခဲ့ေသာ်လည်း အဆုံးသတ်အားနည်းမှုကြောင့် ပထမပိုင်းတွင် ဂိုးမရဘဲ ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ကစားသမားများပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့ပြီး ဟောင်အန်အသင်းမှာလည်း ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးကို ၈၁ မိနစ်တွင် တိုက်စစ်မှူးသန်းပိုင်က မောင်မောင်လွင်၏ ဖန်တီးပေးမှုမှတစ်ဆင့် သွင်းယူခဲ့သည်။ ရန်ကုန်အသင်းပါဝင်သည့် အုပ်စု (F) အခြားပွဲတွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်) နှင့် ရန်ကုန် (မြန်မာ) အသင်းတို့က ခုနစ်မှတ်စီရထားပြီး ဟောင်အန်ယူနိုက်တက် (စင်ကာပူ) အသင်းက သုံးမှတ်ရထားကာ လာအိုတိုယိုတာ (လာအို) မှာမူ သုံးပွဲစလုံး အရေူးနိမ့်ထားသည်။
စင်ကာပူနိုင်ငံ၌ ကျင်းပသည့်ပွဲတွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ) အသင်းက မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့သုံးပွဲစလုံး အရေးနိမ့်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးနည်းသွားပြီဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး တမ်ပနိစ်ရိုဗာအသင်းမှာလည်း ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ တမ်ပနိစ်ရိုဗာအသင်းသည် ဂိုးပေါက်ခြိမ်းခြောက်မှုများစွာြပုလုပ်နိုင်ခဲ့သော်လည်း ရှမ်းယူနိုက်တက်ဂိုးသမား သီဟစည်သူ လက်စွမ်းပြကာကွယ်နိုင်ခဲ့သောကြောင့် နှစ်ဂိုးသာပေးခဲ့ရခြင်းဖြစ်သည်။ တမ်ပနိစ်ရိုဗာအသင်းအတွက် ဂိုးများကို ၅၅ မိနစ်တွင် ကိုပီတိုဗစ်နှင့် ၇၁ မိနစ်တွင် ဝက်ဘ်တို့က သွင်းယူပြီး ရှမ်းယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးကို ၉၀+၁ မိနစ်တွင် ဟိန်းဖြိုးဝင်းက သွင်းယူခဲ့သည်။
အုပ်စု (G) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ) က ခုနစ်မှတ်၊ ကာယာ (ဖိလစ်ပိုင်) က ငါးမှတ်၊ မာကာဆာ (အင်ဒိုနီးရှား) က လေးမှတ်ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ဒုတိယအကျော့ပွဲစဉ်များကို ဧပြီလလယ်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်