နေပြည်တော်  ၁၀ မတ်

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၏ ရေအားလျှပ်စစ် စီမံကိန်း အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ဓာတ်အားစနစ်မှ အလှမ်းကွာဝေးသော ဒေသများသို့ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်များ၊ လေစွမ်းအင်သုံးဓာတ်အားပေး စက်များ၊ နေရောင်ခြည်စွမ်း အင်အသုံးပြု၍ ဓာတ်အားပေးခြင်း၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အား ပေးနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခု နွေရာသီကာလ၌ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် (၁၁၆၆) မဂ္ဂါဝပ် တိုးတက် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး၌ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၆၆ မဂ္ဂါဝပ်)ကို စတင်တိုးတက်ထုတ်လုပ်နေပြီဖြစ်ပါကြောင်း၊ လက်ရှိ တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများ အချိန်မီပြီးစီးစေရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်မည့် လုပ်ငန်းများအတွက် အသေးစိတ် လုပ်ငန်းပေါင်းစပ်ညှိနှိုင်း ဆွေးနွေးရန် လိုအပ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင်လည်း ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ရာ၌ ထိုက်သင့်သည့် အချိန်ကာလယူ၍ တည်ဆောက်ရသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အခြေခံပြီး ရေးဆွဲထားရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ သတ်မှတ်ကာလများ၌ လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းအသစ်များ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ချည်းကပ်လမ်း၊ တံတားနှင့် လူနေအဆောက်အဦများကို စနစ်တကျ တည်ဆောက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။          

 

ထို့နောက် တာဝန်ရှိသူများက စီမံကိန်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေအားလျှပ်စစ်စီမံကိန်း အသစ်များ စူးစမ်းလေ့လာခြင်း၊ တည်ဆောက်ပြီး ရေလှောင်တမံများ၊ ရေအားလျှပ်စစ်စက်ရုံများနှင့် ဆက်စပ်ရေအား အဆောက်အအုံများကို ပြုပြင်ဆောင်ရွက်နေမှုများနှင့် စက်/ယာဉ်/ ယန္တရားများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

သတင်းစဉ်