မင်းဘူး ၁၁ မတ်
ယနေ့ နံနက်(၉)နာရီမှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန အသီးသီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ပေါ်ရှိ စာစစ်ဌာများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင် ၂၅ ဦး၊ အမှတ်(၁၈)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မင်းဘူး) မှ ဒုရဲမှူး မောင်မောင်သန်း နှင့် တပ်ဖွဲ့ဝင်(၁၅) ဦးတို့က မင်းဘူးမြို့ပေါ်ရှိ စာစစ်ဌာနများဖြစ်ကြသည့် အထက(၁)မင်းဘူး၊ အထက(၂)မင်းဘူး၊ အထက(ခွဲ)မြို့ မကျောင်းရှေ့တွင် ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပွားစေရန်၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများကို လိုက်လံပို့ဆောင်သည့် ကျောင်းသားမိဘ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စနစ်တကျ နေရာချထားခြင်းများ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူး (စကု) မြို့နယ်အတွင်း စာစစ်ဌာန(၆)ခုတို့၌ အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၇၈၈) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ အလားတူ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၄၁၀)ဦး စာရင်းပေးသွင်းထားပြီး (၁၃၁၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ ၉၃.၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
MDN


