ညောင်တုန်း ၁၁ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသော တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် သစ်သီးယိုမျိုးစုံ ပြုလုပ်ခြင်း၊ သစ်သီးအနှစ်ရည် ပြုလုပ်ခြင်း၊ ဂျယ်လီ ပြုလုပ်ခြင်း၊ C Plus ပြုလုပ်ခြင်း၊ ဂျုံဖြင့်ကြက်ဉမြေပဲပွကြော် ပြုလုပ်ခြင်း၊ သီးစုံကိတ်ပြုလုပ်ခြင်း၊ Donuts ပြုလုပ်ခြင်း၊ ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ခြင်း၊ ပဲချောင်းကြော်ပြုလုပ်ခြင်း၊ Cookie လုပ်ခြင်း၊ Pan Cake  ပြုလုပ်ခြင်း၊ Chiffon Cake ပြုလုပ်ခြင်းတို့အား စာတွေ့ လက်တွေ့ဖြင့် (၁၀) ရက်အကြာ သင်တန်းသူ၊ သင်တန်းသား ၃၀ ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ဝဠာနိုင် (ညောင်တုန်း)