နေပြည်တော် ၁၁ မတ်
“ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် အမျိုးသား စားသုံးသူအခွင့်အရေးလှုပ်ရှားမှု (Campaign) မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေတွင် စားသုံးသူအကာအကွယ်ပေးမည့် လုပ်ငန်းစဉ်များအတွက် “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း” ကို အခန်းတစ်ခန်းအနေဖြင့် ရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ ဥပဒေအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းကို စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ကုန်စည်များအပေါ် ဘာသာပြန်ဆိုထားမှုနှင့် ဥပဒေပါပြဋ္ဌာန်းချက်များ ကိုက်ညီမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုစားသုံးသူရေးရာဦးစီးဌာနက ကျင်းပပြုလုပ်မည့် “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဟူသော လူထုလှုပ်ရှားမှု (Campaign) သည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မဖြစ်မနေ ထည့်သွင်းရမည်ဆိုသည့် အချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူသည့်အခါ ကုန်အညွှန်းအမှတ်အသားများကို သတိပြုဖတ်ရှုတတ်သည့် အလေ့အထကောင်း ရရှိစေနိုင်သည့်အပြင် စားသုံးသူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်ကို ရွေးချယ်ဝယ်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါ အမျိုးသားစားသုံးသူ အခွင့်အရေးလှုပ်ရှားမှု (Campaign) ကို မတ် ၁၅ ရက်မှစတင်၍ ရက်သတ္တ (၆)ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပိုင် ရုပ်သံမီဒီယာများနှင့် လူမှုကွန်ယက်များမှတစ်ဆင့် စားသုံးသူအခွင့်အရေးနှင့်ဆိုင်သော အသိပညာပေး ရုပ်သံဇာတ်လမ်းတိုများကို ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စားသုံးသူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ တစ်စုံတစ်ရာပေါ်ပေါက်ပါက မြန်မာနိုင်ငံတစ်ဝှမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များသို့ လူကိုယ်တိုင်သွားရောက် တိုင်ကြားနိုင်သည့်အပြင် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ တရားဝင် Website ဖြစ်သော https://www.doca.gov.mm ၊ မိုဘိုင်း Application ဖြစ်သော DOCA Myanmar နှင့် စားသုံးသူရေးရာဦးစီးဌာန Facebook Page မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစဉ်


