မန္တလေး ၁၁ မတ်
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၁၂၇၅၆၀ ဦးရှိပြီး စာစစ်ဌာနပေါင်း ၂၂၀ ဖွင့်လှစ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။
ယနေ့စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ စာရင်းရှိ ဖြေဆိုရန် လျှောက်ထားသူ ၁၃၃၅၆၄ ဦးရှိသည့်အနက် ၁၂၇၅၆၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူဦးရေ ၆၀၀၄ ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ပျက်ကွက်မှုမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
“တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေ အဆင်ပြေစွာ ဖြေဆိုနိုင်ဖို့ ကျွန်တော်တို့ ပညာရေးဌာနက ကြိုတင်ပြင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ စာစစ်ဌာနအသီးသီးမှာ တာဝန်ယူထားကြတဲ့ ကြီးကြပ်ရေးမှူးတွေအားလုံးကလည်း မြန်မာနိုင်ငံစာစစ်ဌာနက ဖွင့်လှစ်ပို့ချထားတဲ့ သင်တန်းတွေ တက်ရောက်ပြီးသားဖြစ်တဲ့အတွက် လုပ်ငန်းတွေကို ကျွမ်းကျင်ပြီးသားဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ ဖြေဆိုနိုင်ဖို့ အစီအမံတွေအားလုံးကိုလည်း တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပြီးသား ဖြစ်တဲ့အပြင် မေးခွန်းထုတ်ယူတာ ဖြန့်ဝေတာနဲ့ အဖြေလွှာပို့တဲ့အထိ စီမံချက်နဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒီနှစ်ကတော့ မေးခွန်းပုံစံ ပြောင်းပြီးမေးတဲ့ ဒုတိယနှစ်ဖြစ်တဲ့အတွက် ဖြေဆိုသူတွေအနေနဲ့ ပထမနှစ်လောက် ခက်ခဲမှုရှိတော့မှာ မဟုတ်ပါဘူး။ အားလုံးဖြေဆိုနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ မိဘများကလည်း စာမေးပွဲကြီး အေးအေးချမ်းချမ်းနဲ့ ပြီးမြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးစိုးလွင်က ပြောသည်။
ယနေ့ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ လာရောက်ဖြေဆိုသည့် မဇွန်ဖူးငုံက “ဒီနေ့မှာ မြန်မာစာစပြီး ဖြေရမှာဆိုတော့ ပုံမှန်ကျက်ထားပေမယ့်လည်း ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ နှစ်စကတည်းက သေသေချာချာ ကြိုးစားကျက်မှတ်ထားတဲ့အတွက် ဂုဏ်ထူးရအောင်ဖြေဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာနမှ ဖြေဆိုသူ ၇၇ ဦးနှင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနတွင် ကျောင်းသား သုံးဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါ စာမေးပွဲများကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)