မန္တလေး   ၁၁  မတ်

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်ခရိုင်မြင်ခြံခရိုင်မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင် စသည့် ခရိုင် ၄ ခုတွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများကို မတ် ၂၇ ရက်မှ ဧပြီ ၆ ရက်အထိ ၁၀ ရက်ကြာ တိုက်ကျွေးမည်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာန တာဝန်ခံ ဒေါက်တာတင့်ဝေက ပြောကြားခြင်းဖြစ်သည်။

 

ဒီကာကွယ်ဆေးကို (၁၂)ကြိမ်မြောက် တိုက်ကျွေးတာ ဖြစ်ပါတယ်။ အသက် ၂ နှစ်အထက် လူကြီး၊ လူငယ်အားလုံးကို ဆင်ခြေထောက်ရောဂါ ကာကွယ်နိုင်ဖို့ သံချဆေးပေါင်းတိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နာတာရှည်ရောဂါရှိတွေကတော့ သောက်သုံးဖို့ မလိုပါဘူး။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင် ၇ ခရိုင်အနက်မှာ ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင်နဲ့ ညောင်ဦးခရိုင်တို့မှာ ဒီကာကွယ်ဆေးကို သောက်သုံးဖို့ မလိုတော့တဲ့ ခရိုင်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီဆေးကို စပြီးတိုက်ကျွေးစဉ်က ပြည်သူတွေ စိုးရိမ်စိတ်နဲ့ သောက်သုံးမှု အရမ်းနည်းခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ အသိဉာဏ်ဖွံ့ဖြိုးလာအတွက် ဆေးသောက်သုံးမှု မြင့်တက်လာတယ်။ ဒီသံချဆေးပေါင်းသောက်ပြီးရင် အနည်းငယ်မူးပြီး ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ဒီဆေးသောက်သုံးပြီး ဖျားတယ်ဆိုရင်တော့ ရောဂါပိုးကူးစက်ခံထားရတယ်လို့ သတ်မှတ်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကိုသွားပြဖို့ အကြံပြုချင်ပါတယ်။ ပြည်သူလူထုကို အသိပေးလိုတာက ဒီဆေးတိုက်တဲ့ ဆယ်ရက်တာကာလမှာ ကိုယ့်ဆီကိုရောက်မလာခဲ့ရင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ပြီး သောက်သုံးလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

 

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် သံချဆေးပေါင်း တိုက်ကျွေးခြင်းအားဖြင့် ရောဂါလက္ခဏာမပြဘဲ သွေးကြော၊ အဆုတ်၊ အကြိတ်၊ အသည်း၊ သည်းခြေအိတ်ပြွန်နှင့် အစာအိမ်အူလမ်းကြောင်းကြိတ်တို့တွင် ရှိနေကြသော ဆင်ခြေထောက် သန်ကောင်များ သန်လုံး၊ သန်ပြား၊ သန်ကောင်၊ တုတ်သန်ကောင်များ သေဆုံး၍ ရောဂါကင်းစင်မည် ဖြစ်သည့်အပြင် စားသမျှအာဟာရကိုလည်း ကောင်းမွန်စွာရရှိမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)