ရန်ကုန် ၁၁ မတ်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့်ကာလအတွင်း ကျောင်းသားကျာင်းသူများ သွားလာမှုအဆင်ပြေစေရန် အရန်ယာဉ်များဖြင့် ထပ်တိုးပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၊ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
မတ် ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှအောင်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်တို့တွင် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် တောင်ပိုင်းခရိုင် သန်လျင်ဘက်ခြမ်း တံတားအဆင်း၌ အရန်ယာဉ်များ ထားရှိသည့်အပြင် သက်ဆိုင်ရာ မြို့နယ်အလိုက် ယာဉ်ထိန်းရဲများဖြင့်လည်း ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
"တောင်ပိုင်းခရိုင်မှာ အဓိက ကျွန်တော်တို့ သန်လျင်တံတားကို ဖြတ်သန်းခြင်းက အရေးကြီးပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ သန်လျင်တံတားနဲ့ ပတ်သက်လို့လည်း YRTA တောင်းပိုင်းခရိုင် တာဝန်ခံများနဲ့ စီမံချက်များရေးဆွဲပြီး ဖြစ်ပါတယ်၊ တံတားပေါ်မှာ ယာဉ်ပိတ်ရင် ဘာလုပ်ရမယ်ဆိုတာရယ်၊ ယာဉ်ပျက်ရင် ဘာလုပ်ရမယ်ဆိုတာရယ် စီမံချက်တွေနဲ့ လုပ်ထားပါတယ်၊ အဲအတွက် လက်ရှိပြေးဆွဲနေတဲ့ ယာဉ်တွေအပြင် အရန်ယာဉ်များ သန်လျင်ဘက်ခြမ်းမှာ ထားရှိပါတယ်၊ အကယ်၍ သန်လျင်တံတားပိတ်သွားရင် ကျောင်းသား ကျောင်းသူများ ဒါအရင်လည်း ဖြစ်ခဲ့ဖူးတဲ့ ကာလတွေရှိတယ်၊ ကျွန်တော်တို့ယာဉ်တွေနဲ့ တံတားခြေရင်းကနေပြီးတော့ မိမိသွားလိုတဲ့ တက္ကသိုလ်များကို ကျွန်တော်တို့ ပို့ပေးခဲ့ပါတယ်၊ ဒီနေ့လည်း ဒီအတိုင်းဘဲ စီမံထားပြီး ဖြစ်ပါတယ်"ဟု ဦးလှအောင်က ပြောသည်။
ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေသည့်ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှု အဆင်ပြေစေရန်အတွက် YBS ယာဉ်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံခဲ့ပြီး သတ်မှတ်နေရာများတွင် စောင့်ကြည့်ခြင်း၊ ယာဉ်ကြောကြပ်တည်းမှုများကို ဖြေရှင်းခြင်းနှင့် မိမိယာဉ်လိုင်းများ သွားလာမှု ပုံမှန်သွားလာနိုင်ရေး ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။
"ဒီအချိန်မှာ ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲအတွက် ပို့ဖို့အဓိကဖြစ်တယ်၊ ဒါကြောင့်မလို့ တက္ကသိုလ်ဝင် စာမေးပွဲကာလအတွက်ကိုလည်း ကျွန်တော်တို့ ယာဉ်လိုင်းများက ကျောင်းသူ ကျောင်းသားများ သွားလာရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ထားပါတယ်"ဟု ဦးလှအောင်က ပြောသည်။
လက်ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၁ ရက်မှ မတ် ၂၀ ရက်အထိ ဖြေဆိုနေသည့် ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှုအဆင်ပြေစေရန် အရန်ယာဉ်များဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ငြိမ်းငြိမ်း