နေပြည်တော် ၁၁ မတ်

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဉက္ကဋ္ဌ ဉီးကျော်ကျော်မောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဆက်အောင်တို့သည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG) မှ Director Mr. David Shannon နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ၂၀၁၈ ခုနှစ် နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်မှုအစီရင်ခံစာ (Mutual Evaluation Report –MER) တွင် မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးတွင် လိုက်နာမှုအားကောင်းရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၉၉) ချက်အနက် လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ကျန်ရှိသည့် လုပ်ငန်းစဉ် (၈)ချက်ကို လာမည့်(၁၅)လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးကိစ္စရပ်များအား ပုဂ္ဂလိကကဏ္ဍ (Private Sector) နှင့် ပြည်သူများ နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်ရာ ဉပဒေ၊ နည်းဉပဒေ၊ စည်းမျဉ်းများဖြင့် ကြပ်မတ်ဆောင်ရွက်ရာတွင် တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယင်းကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ (Financial Intelligence Unit – FIU) တွင် အင်အားတိုးမြှင့် ဆောင်ရွက်ရမည့် အခြေအနေများ၊ ငွေကြေးခဝါချမှုဖြစ်စဉ်များ စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ နည်းပညာ ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို  ဆွေးနွေးကြသည်။ 

 

အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ Strategic Implementation Planning အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF) အောက်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးအဖွဲ့ (International Cooperation Review Group - ICRG)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံသို့ မတ် ၉ ရက်မှ ၁၂ ရက်အထိ လာရောက်လျက်ရှိသည်။

 

ရှင်းလင်းဆွေးနွေးပွဲများကို နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် ကျင်းပပြုလုပ်လျက်ရှိပြီး၊ ဆွေးနွေးပွဲများတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် ယင်းလုပ်ငန်းစဉ်များအား ပြည်သူများ ပိုမိုနားလည် သိမြင်လာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရေးဆိုင်ရာ ကိစ္စရပ်များအား အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်