မင်းဘူး မတ် ၁၂

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၁၁ ရွာ၌ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေများဖြင့် လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေး အတွက် ကုန်ထုတ်လမ်းတံတားများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊  စလင်းမြို့နယ်၊ ငဖဲမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၁ ရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ် ၃၇၆ ဒသမ ၅၇၅ သန်းဖြင့် ကုန်ထုတ်လမ်း ၉ လမ်း၊ ကွန်ကရစ်တံတား ၂ စင်း၊ Box Culvert ၅ စင်း၊  ရေပြွန် ၃၃ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား  တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ယခုအခါတွင် လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ အဆိုပါလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးပါက ယင်းဒေသရှိ လယ်ယာဧက ၅၄၀ဝ ဧကခန့်မှ လယ်ယာထွက်ကုန်သီးနှံများအား ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောသည်။

 

သူရိန်(မင်းဘူး)