ပွင့်ဖြူ  ၁၂  မတ်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာ မေးခွန်းအား ဆက်လက်ဖြေဆိုရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက စုပေါင်း၍ အာဟာရဒါနအဖြစ် မုန့်များ လာရောက်ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်မြို့နယ်လုံး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူဦးရေ စုစုပေါင်း ၃၇၂၈ ဦးရှိပြီး ယနေ့ အင်္ဂလိပ်စာမေးခွန်း ဆက်လက်ဖြေဆိုကျင်းပရာတွင် စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၅၉၁ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၃၇ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၆ ဒသမ ၃၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

ယနေ့ ကျင်းပသည့် အင်္ဂလိပ်စာမေးခွန်းအား လာရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက ပွင့်ဖြူ(အ.ထ.က)စာစစ်ဌာနသို့ လာရောက်ပြီး အာဟာရဒါနအဖြစ် မုန့်များဝယ်ယူ ကျွေးမွေး လှူဒါန်းပေးရာ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများထံ အလှူရှင်များ ကျွေးမွေးလှူဒါန်းသည့် မုန့်များအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)