မန္တလေး   ၁၂    မတ် 

 

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ သော ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးပျောက်ဆုံး ကျန်ရစ်ခဲ့သော အမေရိကန်စစ်သည်များ၏ ဖြစ်နိုင်‌ခြေရှိသေ လူသား ရုပ်ကြွင်းများကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဂုဏ်ပြုအခမ်းအနားကျင်းပ၍ အမေရိကန်လေတပ်မှ C-17 အကြီးစား သယ်ယူပို့ဆောင် ရေး လေယာဉ်ကြီးဖြင့် အမေရိကန်နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ပြန်လည်သယ်ဆောင်သွားခဲ့သည်။

 

အဆိုပါရှာဖွေခြင်းလုပ်ငန်းကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (ဒီပီအေအေ)၏ အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ ၂၀၀၃ -၂၀၀၄ ခုနှစ်တွင် ရှာဖွေရေးအစီအစဉ် သုံးကြိမ်နှင့် ၂၀၁၃ နှင့် ၂၀၂၀ ခုနှစ်အတွင်း ကိုးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါရှာဖွေခြင်း များမှ စစ်သည် ၂၃ ဦး၏ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုတွေ့ရှိခဲ့သည့် ရုပ်ကြွင်းများကိုလည်း အမေရိကန် ဟာဝိုင်အီရှိ ဒီပီအေအေ၏ ဓာတ်ခွဲခန်းသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။

 

''လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က ကျွန်တော်တို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေလို့ ဖြစ်နိုင်ခြေရှိတဲ့ ရုပ်ကြွင်းတွေကို လွန်ခဲ့တဲ့ နှစ်ကစပြီး ဒီလိုရှာဖွေသယ်ဆောင်မှုတွေကို နှစ်နိုင်ငံ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းက လေယာဉ်ပျက်ကျသွားတဲ့ နေရာနဲ့ လေယာဉ်အစိတ်အပိုင်းတွေ တွေ့ရှိမှုပေါ် မူတည်ပြီး ရုပ်ကြွင်းတွေကို ရှာဖွေမှု ပြုလုပ်တာဖြစ်တဲ့အတွက် ယခုတွေ့ရှိတဲ့ ရုပ်ကြွင်းတွေကလည်း အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မနှစ်ကလည်း ဒီလိုရုပ်ကြွင်း တွေကို သယ်ယူခဲ့ပေမယ့် ဒီရုပ်ကြွင်းတွေကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ စစ်သည်အရေအတွက်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။ ဒီနှစ်မှာလည်း အလားတူဒေသမှာပဲ ရှာဖွေမှုတွေ ပြုလုပ် သယ်ဆောင်သွားပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေကို ပူးပေါင်းပြီး စစ်သည်အရေအတွက် ဘယ်လောက်ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာကို ဆုံးဖြတ်သွား မှာပါ။ ဒီလိုရုပ်ကြွင်းတွေ ရှာဖွေသယ်ဆောင်တဲ့ လုပ်ငန်းကို အမေရိကန်နဲ့ မြန်မာအစိုးရအဖွဲ့တို့ နှစ်နိုင်ငံ ပူးပေါင်းပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်'' ဟု DPPA Team Leader For this mission, Captain Matt Moschgat က ပြောသည်။

 

အဆိုပါရုပ်ကြွင်းများသည် ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပျောက်ဆုံးခဲ့သော စစ်သည် ခုနစ်ဦးလိုက်ပါသွား သည့် B-25G လေယာဉ်နှင့် ဆက်စပ်နေမည်ဟု ယူဆရကြောင်းကို ၁၉၄၆ ခုနှစ်တွင် အပျက်အစီး အပိုင်းအစ နေရာစုံစမ်းစစ်ဆေးမှုတစ်ရပ်က ညွှန်ပြခဲ့ သော်လည်း ပျက်ကျခဲ့သည့်နေရာကို ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်