နေပြည်တော် ၁၂ မတ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများ၏ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စနစ်တကျ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ အရေးပေါ်နာမကျန်းဖြစ်လာသည့် ကျောင်းသားကျောင်းသူများရှိပါက စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကမာဝက်) စာစစ်ဌာနနှင့် သံဖြူဇရပ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ပြည်တွင်းစာစစ်ဌာန ၁၉၈၄ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၁၅ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၉၇၁၄၀၇ ဦး စာရင်းပေးသွင်းကြပြီး ၉၀၉၅၃၉ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
သတင်းစဉ်


