နေပြည်တော် ၁၂ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် United States Institute of Peace (USIP) ၏ အကြီးတန်းအကြံပေး Ms. Priscilla Clapp နှင့်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍများ၊ ပတ်ဝန်းကျင်ဆိုင်ရာပဋိပက္ခများ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလေ့လာမှု သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်ဆောင်ရွက်မှုများ၊ နယ်စပ်ဒေသ ပဋိပက္ခဖြစ်ပွားခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအား လေ့လာမည့်အစီအမံများ၊ ဒေသခံများ ပူးပေါင်းပါဝင်ရေး၊ grass root များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်


