မိုးနဲ ၁၃ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူးများ အားကစားစိတ်ဓါတ် ပိုမိုမြင့်မား လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ မျိုးဆက်သစ် အားကစားသမားများ ဖော်ထုတ် လေ့ကျင့်ပေးခြင်းဖြင့် အရည်အသွေးမြှင့် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့တက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူ လူငယ်များအား မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သင်းလဲ့လဲ့ထွန်းနှင့် တာဝန်ရှိသူများက (COVID-19) ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခြင်း ၊ ကလေးငယ်များအား ကိုယ်အပူချိန်စစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို မတ် ၁၂ ရက်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နွေရာသီ အားကစားသင်တန်းတွင် အားကစားနည်း(၅)မျိုးကို ကျောင်းသား၊ ကျောင်းသူ ၁၉၀ ဦးအား နေ့စဉ် ညနေ ၄ နာရီမှ ၅ နာရီခွဲအချိန်ထိ သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ် ၁၀ ရက်မှ ၃၁ ရက်နေ့ထိ ၂၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်နန်းသန်းသန်းစိုးထံမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)