ထန်းတပင် ၁၃ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ နွေရာသီသောက်သုံးရေပြတ်လပ်မှုများ မဖြစ် ပေါ်စေရေးနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများရရှိစေရေးတို့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ရေတွင်းကုန်း ကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာအုပ်စု ရေပေါ်သောင်ကျေးရွာနှင့် ဘိုးနတ်ပေး ကျေးရွာအုပ်စု ဘိုးနတ်ပေးကျေးရွာတွေမှာ ရေသန့်စင်စနစ်ကို (၂၀၂၀)ပြည့်နှစ်၊ မတ်လ ပထမ အပတ်ကနေ ပြီးတော့ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာပါ လာမည့်နှစ်တွေမှာလည်း နောက်ထပ် ကျေးရွာ(၁၀)ရွာကို ထပ်မံအကောင်အထည် ဖော်ပေးဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ရှင်းပြသည်။

ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရေတွင်းကုန်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ နှင့် ဘိုးနတ်ပေးကျေးရွာတို့တွင် တင်ဒါအောင် Hyper Myanmar Relief International ကုမ္ပဏီမှ ကျေးရွာတစ်ရွာလျှင် ရေသန့်စင် တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၁၉ ဒသမ ၉၁၆)ဖြင့် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးနိုင်စေ ရေးအတွက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်း၌ နွေရာသီ ရေရှားပါး ပြတ်လပ်မှု အခက်အခဲများ ဖြစ်ပေါ်လာပါက ထန်းတပင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးဖုန်း ဝ၁-၆၁၉၀ဝ၅ နှင့် မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ဖုန်း ဝ၉၅၂၈ဝ၄၉၇ နှင့် အငယ်တန်းအင်ဂျင်နီယာ(၃) ဦးရဲလင်းထိုက် ဖုန်း ဝ၉၄၂၀၁၃၃၂၅၈ သို့ဆက်သွယ်၍လည်းအကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
