ပွင့်ဖြူ ၁၃ မတ်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာမေးခွန်းအား ယနေ့ နံနက် ၉ နာရီက စာစစ်ဌာန(၇)ခုဖြင့် ဖြေဆိုကျင်းပရာ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေ ၁၄၀ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲအား တစ်မြို့နယ်လုံး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ စုစုပေါင်း ကျောင်းသားဦးရေ ၃၇၂၈ ဦး ရှိပြီး ယနေ့ဖြေဆိုသည့် သင်္ချာမေးခွန်းကို တစ်မြို့နယ်လုံး ဝင်ရောက်ဖြေဆိုသူဦးရေမှာ ကျား ၁၅၅၄ ဦး ၊ မ ၂၀၃၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅၈၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူဦးရေ ကျား ၉၀ ဦး ၊ မ ၅၀ ဦး ၊ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူ ၁၄၀ ဦးရှိကြောင်းနှင့် ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၉၆ ဒသမ ၂၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပနေသည့် စာစစ်ဌာန(၇)ခုတွင် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ၊ နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းများ ၊ ဆူညံသံများမဖြစ်ပွားစေရေး ၊ မီးဘေးလုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ် စေရေးအတွက် အပြင်စည်း လုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ခင်ပြုံးရီထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


