မြိတ်  ၁၃   မတ် 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့်  အသိပညာပေးခြင်းလုပ်ငန်းများကို မတ် ၁၂ ရက် မွန်းလွဲ နာရီက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ပုဂ္ဂလိကဆေးရုံများ၊ ကျန်းမာရေးဆိုင်ရာ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေး အထောက်အကူပြုအဖွဲ့များက ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

 

6879

 

အဓိကတော့ သံသယလူနာတို့ စောင့်ကြည့်သင့်တဲ့လူနာတို့ တွေ့လာရင် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ဆေးရုံတွေအားလုံးမှာ ပြင်ဆင်ထားတယ်။ အဓိကတော့ မြိတ်ဆေးရုံ၊ ထားဝယ်ဆေးရုံ၊ ကော့သောင်း ဆေးရုံတွေမှာ သီးသန့်လူနာဆောင်တွေကို အဆင်သင့် ဆောင်ရွက် ထားပါတယ် ဟု တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမင်းက ပြောသည်။

 

6881

 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ကတည်းက ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း တနင်္သာရီ တိုင်းဒေသကြီးတွင် တိုင်း/ခရိုင်/မြို့နယ်ကျန်းမာရေးဌာနမှ ဆက်နွယ်လျက်ရှိသော ဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအဆင့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊  နယ်စပ်ဂိတ်များတွင် နယ်စပ်မှ ဖြတ်ကျော်ဝင် ရောက်လာမည့်လူများကို ကိုယ်ခန္ဒာ အပူချိန်တိုင်းတာခြင်း၊ ရောဂါလက္ခဏာ ရှိမရှိစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

 “ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ဖြစ်ပွားနေတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ လည်း မတွေ့သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပေါ့ပေါ့ဆဆတော့ မနေသင့်ဘူး။ အထူးသဖြင့် အလွယ်တကူ ရောဂါကူးစက်နိုင်တဲ့ လူစုလူဝေးတွေကို ရှောင်ကျဉ်ဖို့လိုပါတယ်။ လူစုလူဝေးနဲ့လုပ်တဲ့ အခမ်းအနားကို အတတ်နိုင်ဆုံး မကျင်းပတာ၊ ရွေ့ဆိုင်းတာဆောင်ရွက်သင့်ပါတယ်။ လူတစ်ဦးချင်းကလည်း ဆင်ခြင်ဖို့လိုပါတယ်။ နောက်တစ်ချက်က လူတွေမှာ ဒီရောဂါနဲ့ သက်ဆိုင်တဲ့ လက္ခဏာတွေရှိလာရင် အနီးဆုံးကျန်းမာရေးဌာနကို အမြန်ဆုံး လာရောက်ပြသ ဆေးကုသမှု ခံယူဖို့လိုပါတယ် ဒေါက်တာ ထွန်းမင်းက ထပ်လောင်းပြောကြားသည်။

 

6912

 

မြိတ်မြို့တွင် ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များအား ဟိုတယ်များနှင့် တည်းခိုရိပ်သာ များတွင်  လာရောက်နေထိုင်သူ ဧည့်သည်များနှင့် ခရီးစဉ်ဒေသအတွင်း လိုက်ပါလည်ပတ်သော ဧည့်သည်များတွင် ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုခြင်း၊ အသက်ရှူကျပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိပါက သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ချက်ချင်းဆက်သွယ် သတင်းပို့ အကြောင်းကြားသွားရန် မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

COVID-19 ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်း ဆွေးနွေးရာတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း ဦးဆောင်၍  မြိတ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းနှင့် တက်ရောက် လာကြသူများက ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ကုသရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားသည့် လုပ်ငန်စဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )