နေပြည်တော်   ၁၃   မတ်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်များ၊ ဆရာဆရာမများနှင့် ယနေ့နံနက် ၈ နာရီတွင် ထားဝယ် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံသည်။

 

 

တွေ့ဆုံပွဲတွင် ထားဝယ်တက္ကသိုလ်၊ ထားဝယ်နည်းပညာတက္ကသိုလ်၊ ထားဝယ်ကွန်ပျူ တာတက္ကသိုလ်၊ ထားဝယ်ပညာရေးကောလိပ်နှင့် ထားဝယ်နည်းပညာအထက်တန်းကျောင်း တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာဆရာမများနှင့် ရုံး ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားနေမှသာ နိုင်ငံ၏ ပညာရေးအရည်အသွေး မြင့်မားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ အရည်အသွေး တိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ ထို့ပြင် ဒေသအကျိုးပြု သုတေသန လုပ်ငန်းနှင့် ဘွဲ့သင်တန်းများ ဖွင့်လှစ်လိုပါက စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  လိုအပ်ချက်များကို နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေအရ ဖြည့်ဆည်း ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားအရေအတွက် တိုးတက်လာမှုကြောင့် ဆရာ လိုအပ်ချက်ဖြည့်ဆည်းရာတွင် ဒေသခံများထဲမှ ထူးချွန်သူများကို ရွေးချယ်ခန့်အပ်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသူများ၏ သိရှိလိုသည်များကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်ရှိ  အခြေခံပညာအထက်တန်းကျောင်း(ကမြောကင်း)၊ ထားဝယ်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ကလိန်အောင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို   ကြည့်ရှုအားပေးသည်။

 

သတင်းစဉ်