တနင်္သာရီ ၁၃ မတ်

 

ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus ကြောင့် ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကူးစက်မြန် COVID-19  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွါးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် COVID-19 ဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ(PPE)အသုံးပြုဝတ်ဆင်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့  မွန်းလွဲ ၁၂နာရီ ခွဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်နှင့်လက် ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဓါတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ တက်ရောက်သည်။

 

ရှေးဦးစွာ တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်က မိမိတို့ ကျန်းမာရေးဌာန ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/သတင်းအမှန်ထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာတို့၌ အချိန်နှင့်တစ်ပြေးညီထုတ် ပြန်ပေးလျက်ရှိသဖြင့် ကျန်းမာရေးဝန်ထမ်းများအပြင် ပြည်သူလူထုတစ်ရပ်လုံးက စနစ်တကျ လိုက်နာပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုလုပ်ငန်းနှင့် စစ်ဆေးစမ်းသပ်သည့်အခါမျိုးတွင် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ(PPE)အပြည့်အစုံ ဝတ်ဆင်အသုံးပြုနည်းအဆင့်ဆင့်ကို စနစ်တကျ လိုက်နာပြီးလေ့ကျင့်ထားဖို့ အရေးတကြီးလိုအပ်ကြောင်း Projector ဖြင့် ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE)အပြည့်အစုံ ဝတ်ဆင်အသုံးပြုနည်းအဆင့်ဆင့် ဗီဒီယိုကို ပြသပေးပြီးနောက် သူနာပြဆရာမ ဒေါ်ဥမ္မာမျိုးမှကြီးကြပ်၍ ကျန်းမာရေးဆရာမတစ်ဦးက (PPE)ဝတ်စုံ အပြည့်အစုံအား လက်တွေ့ဝတ်ဆင်ပြသပေးကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)