ရန်ကုန် ၁၃ မတ်

 

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ရာ၌ မတ်လ ၂၀ ရက်မှစတင်ကာ နိုင်ငံခြားသားများပါ အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ယနေ့ကျင်းပသော သတင်းမီဒီယာရှင်းလင်းပွဲမှ သိရသည်။

 

ထိုသို့အရောင်းအဝယ် ပြုလုပ်ရာတွင် ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် မြန်မာနိုင်ငံငွေကြေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ အမိန့်ကြော်ငြာစာ ၁/၂၀၁၉ အရလည်းကောင်း၊ ညွှန်ကြားချက် အမှတ် ၁/၂၀၂၀ အရ သော်လည်းကောင်း စာရင်းဝင်ကုမ္ပဏီတစ်ခုချင်းက သတ်မှတ်မည့် နိုင်ငံခြားသား ပါဝင်မှု အချိုးအစားကို ထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် စာရင်းထပ်/ စာရင်းပွားများ မဖြစ်စေရေးကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

စာရင်းဝင်ကုမ္ပဏီတစ်ခုချင်းအလိုက် ခွင့်ပြုမည့်ရာခိုင်နှုန်းနှင့် စတင်မည့်နေ့ကို ရန်ကုန်စတော့အိတ်ချိန်း၏ အင်တာနက်စာမျက်နှာတွင် သီးခြားထုတ်ပြန်မည်ဖြစ်ပြီး စာရင်းဝင်ကုမ္ပဏီတစ်ခုချင်း၏ နေ့စဉ်နိုင်ငံခြားသား ဝယ်ယူမည့်ရှယ်ယာပမာဏကိုလည်း အင်တာနက်စာမျက်နှာတွင် နေ့စဉ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံခြားသား စာရင်းဖွင့်လှစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ၎င်းစာမျက်နှာမှ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် နိုင်ငံခြားသားများ ဝယ်ယူထားပြီးသည့် လချုပ်စာရင်းကို မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ တင်ပြမည်ဖြစ်ပြီး နိုင်ငံခြားသားများ ပူးပေါင်းပါဝင်မှုကိစ္စကို ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံသူများ သိရှိစေရေးအတွက် နိုင်ငံခြားကုန်သည်ကြီးများ အသင်းနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်းကာ ဈေးကွက်မြှင့်တင်ရေးများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ရာတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ အချက် ၂၂ ချက်ပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ ကို မတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း