နေပြည်တော် ၁၃ မတ်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် Myanmar Blue Sky Rescue Development Council အဖွဲ့အစည်းနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသည့် COVID-19 ရောဂါနှင့်စပ်လျဉ်းသော အသိပေးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဝန်ကြီးဌာနအောက်ရှိ မူကြိုကျောင်းများ၊ ကိုယ်ထူကိုယ်ထ မူကြိုကျောင်းများနှင့် မိခင်ဝိုင်းများသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပုံနှိပ်ထုတ်ဝေရေး ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

 

ထို့နောက် UNICEF မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ မသန်စွမ်းမှု မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပညာရှင်များနှင့် မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများအား လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများ၊ မသန်စွမ်းကလေးငယ်များ၏ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ရေးဆွဲဆောင်ရွက်မည့် မဟာဗျူဟာစီမံကိန်းနှင့် ပတ်သက်၍ အာဆီယံအဆင့် ချမှတ်ထားသော မဟာဗျူဟာ ASEAN Enabling Masterplan နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာများအတွက် UNICEF နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

 

သတင်းစဉ်