စုဒွေးရှင် (ဆေး-၁)

 

ယခုကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံ ဂူဟန်မြို့က အစပြုသိရှိခဲ့တဲ့ COVID-19 ကူးစက် ရောဂါဟာ ယနေ့အထိ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရောဂါပိုးတွေ့ရှိသူပေါင်း တစ်သိန်းကျော်နဲ့ သေဆုံးသူ ၄၀၀၀ ကျော်သွားပြီဆိုတာ ပြည်သူအများစုတော့ သိရှိနေပြီ ဖြစ်ပါတယ်။

 

ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ သံသယရှိလို့ စောင့်ကြည့်နေတဲ့ လူနာတွေထဲက ဓာတ်ခွဲစစ်ဆေးကြည့်တဲ့သူ အားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပိုး မတွေ့ဘူး ဆိုတဲ့ အဖြေထွက်ထားတဲ့အတွက် ဒီနိုင်ငံထဲကိုရောဂါပိုး ရှိတဲ့လူနာမရှိသေးဘူးလို့ ယေဘုယျ ကောက်ချက်ချရတဲ့ သဘောရှိပါတယ်။

 

ပြင်ဆင်တုံ့ပြန်

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားကာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဒီကူးစက်ရောဂါ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ လဆန်းကတည်းက ပြင်ဆင်တုံ့ပြန်မှုတွေ စတင်ဆောင်ရွက်ခဲ့တာဖြစ်လို့ အခုဆိုရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဝန်ထမ်းတွေ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ရုန်းကန်တိုက်ပွဲဝင်နေတာ နှစ်လကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

 

ကပ်ရောဂါလို့ မြန်မာလို ဘာသာပြန်ကြတဲ့ Outbreak တွေဟာ ကျွန်မတို့နိုင်ငံမှာ ရိုက်ခတ်ခံစားခဲ့ကြဖူးပါတယ်။ အသက်ရှူလမ်းကြောင်းကို ထိခိုက်တဲ့ တုပ်ကွေးရောဂါတွေလည်း မကြာခဏ ကြုံတွေ့ကြရလို့ အဆန်းမဟုတ်တော့ ပါဘူး။ ဒါပေမယ့်.................. ဒါပေမယ့်ပေါ့လေ။

 

COVID-19 လို့ နာမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ် ကောင်လေးကတော့ နည်းနည်းထူးခြားတယ်။ အရင် သူနဲ့ အုပ်စုတူတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေထက် ပိုကူးစက်မြန်ပြီး ဖြစ်နှုန်းပိုများတော့ ကြောက်ဖို့လည်း ကောင်းတယ်။ သေဆုံးတာကတော့ အသက်အရွယ်ကြီးရင့်သူတွေ အများစုဖြစ်တယ်လို့ လောလောဆယ်တွေ့ရပေမယ့် ပြောင်းလဲနိုင်သေးတာပါပဲ။ သူဟာ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောဂါဖြစ်စေအောင် ကူးစက်ဝင်ရောက်ပုံမှာ အသစ်အသစ်တွေ၊ ထူးဆန်းတာတွေ အများကြီးရှိပါတယ်။ ရိုးရိုးတုပ်ကွေးလို ကာကွယ်ဆေးလည်း မရှိသေးသလို မသိသေးတာတွေများနေတဲ့ သုတေသနတွေလည်း လုပ်ဆဲဗိုင်းရပ်စ်မို့ ကျွန်မတို့တစ်တွေ ယခင့် ယခင်ထက် ပိုပြီးသတိထား ကိုင်တွယ် ရင်ဆိုင်တွန်းလှန်ကြဖို့ လိုပါမယ်။

 

လက်ရှိအခြေအနေအရ ရောဂါစတင်ဖြစ်ပွားတဲ့ epicentre ဂူဟန်မှာ လူနာအသစ်တွေနည်းသွားပြီ။ အဲဒီဒေသက ပြည်သူလူထုကြားမှာ ရောဂါခုခံနိုင်စွမ်း Herd immunity တွေတက်လာပြီ၊ ဒီလို ကြားရတာ ဝမ်းသာရမှာပေမယ့် ဒါဟာ နောက်ကျပါတယ်၊ ကြာပါတယ်လို့ ကျွန်မကတွေးမိပါတယ်။ သုံးလကျော်လောက် ဝူဟန်အပါအဝင် ဟူပေခရိုင်ကို မွှေနှောက်သွားခဲ့လိုက်တာ လူ တစ်သိန်းလောက် ရောဂါဖြစ်၊ ၃၀၀၀ ကျော်သေတဲ့ ကိန်းဂဏန်းရဲ့ နောက်ကွယ်မှာ ဆုံးရှုံးရင်းနှီးမှုတွေ အတိမ်အနက် အလွန့်အလွန် များပြားနက်ရှိုင်းပါတယ်။

 

သူတို့ဆီက ကျန်းမာရေးဝန်ကြီးဌာန ဗဟို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ကူးစက်ရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေ၊ ရှေ့တန်းစစ်မျက်နှာမှာ လူနာတွေကိုကုသပြုစုရတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံဝန်ထမ်းတွေ၊ ဆေးနဲ့ဆေးပစ္စည်း၊ ဆေးရုံစီမံခန့်ခွဲရသူတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အထူးသဖြင့် လူနာနဲ့ လူနာရှင်တွေကိုယ်တိုင် ဘယ်လောက်တောင် ဆိုးရွား ပြင်းထန်မှုတွေ၊ ပင်ပန်းဆင်းရဲမှုတွေ၊ လူအား၊ ငွေအား အဘက်ဘက်က ဘယ်လောက်တောင် ခံစားခဲ့ရ၊ ရိုက်ခတ် ခံခဲ့ရမလဲဆိုတာ လူသားချင်းစာနာစိတ်နဲ့ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့၊ စီးပွားရေးကောင်းတဲ့ နိုင်ငံတွေဆိုတော့လည်း ပြန်လည်နာလန်ထူတာတော့ မြန်ပါလိမ့်မယ်။ ။

 

အခုထက်ထိ ဆေးရုံတွေပေါ်မှာ ဆေးကုသပေးနေရတဲ့ အသည်းအသန် လူနာတွေရှိတုန်း၊ အဲဒီ အသည်းအသန်လူနာတွေထဲက နောက်ထပ်သေဆုံးမှုတွေ ထပ်ရှိလာနိုင်တုန်း အခြေအနေ ဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့ အချိန်ကကြာသလို ဆေးရုံတက်ရတဲ့ကာလဟာ နှစ်ပတ်ကနေ သုံးပတ်အထိ ကြာတာတွေရှိခဲ့တာမို့ ဆေးရုံဝန်ထမ်း၊ ဆေးနှင့် ဆေးပစ္စည်း၊ ကာကွယ်ရေးပစ္စည်းတွေ လိုအပ်ချက် များပြားလှသလို ဒီကပ်ရောဂါစဖြစ်ပြီး ဖြစ်ပွားမှု ဟိုးထိပ် အမြင့်ဆုံးအထိ အများဆုံးရောက်ပြီး တဖြည်းဖြည်း ပြန်ကျချိန်ဟာ သုံးလကျော်လောက် ကြာမြင့်တဲ့ ကာလအတွင်းမှာ အတော် အထိနာခဲ့တယ်လို့ပြောရမယ့်ရောဂါပါပဲ။

 

“ဒီဗိုင်းရပ်စ်ဟာ အစက တရုတ်အပြင် အခြားနိုင်ငံ ၂၀ ကျော်လောက်ကိုသာ ရောက်ရှိကူးစက်ခဲ့ရာကနေ ရက်သတ္တသုံးပတ်လောက်အတွင်းမှာ စုစုပေါင်း နိုင်ငံ ၁၀၀ ကျော်ကို ရောက်ရှိလာခဲ့တာမို့ တရုတ်မှာ မီးညွန့်ကျိုးတဲ့အချိန်မှာ ကျန်တဲ့ကူးစက်ခံနိုင်ငံတွေကတော့ အခုမှစပြီး မီးစလောင်တဲ့ သဘောဖြစ်လာတာပါ။ အခု ဖြစ်လာတဲ့ နိုင်ငံတွေကိုကြည့်ရင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေ စီးပွားရေး တောင့်တင်းခိုင်မာသလို ကျန်းမာရေးစနစ်လည်း အားကောင်းခိုင်မာတဲ့၊ ဆေးပစ္စည်းကိရိယာတွေ ပြည့်စုံလှတဲ့ နိုင်ငံကြီးတွေမှာလည်း စိုးရိမ်ပူပင်စွာ ရင်ဆိုင်ကြတာ၊ ပြည်သူတွေလည်း စိတ်ပူကြတာ တွေ့ရပါတယ်။ အီတလီ နဲ့ အီရန်နိုင်ငံတို့မှာ သေနှုန်းအတော်များပြီး အမေရိကန်မှာလည်း ဒီဗိုင်းရပ်စ်ကို လျှော့တွက်ပြီး တုံ့ပြန်မှု နှေးကွေးလိုက်တာ လူနာ(case) တွေများပြီး ပြည်သူတွေ ဝေဖန်လာကြတာ တွေ့ရပါတယ်။

 

အစွန်းတရားတွေ

 

ကျွန်မတို့ တိုင်းပြည်က ပြည်သူတွေလည်း အလွန်စိုးရိမ်ကြ၊ ပူပင်ကြတာတွေ ရှိကြတာပေါ့။ တချို့လည်း မပူကြ၊ မကြောက်ကြပါဘူး။ ဒီလိုအစွန်းတရားတွေကလည်း ကျွန်မတို့အတွက် မဟုတ်သေးပါဘူး...။ အလွန်တရာ ကြောက်ရွံ့ခြင်းမဖြစ်သင့်ပေမယ့် သတိထားအလေးမူရမယ့် အရေးကြီးတဲ့အချိန်လို့တော့ သိစေချင်လှပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော် ကူးစက်ပြန့်ပွားပြီးတဲ့အချိန်၊ ကပ်ရောဂါ စဖြစ်တာ သုံးလကျော်အထိ ကျွန်မတို့ဆီက ရောဂါပိုးမရှိသေးတော့ ကောင်းတဲ့ဘက်ကတွေးရင် သူများနိုင်ငံမှာ ကူးစက်ပုံ၊ စမ်းသပ်ကုသပုံ၊ သုတေသန လုပ်ကြည့်ထားတာတွေ၊ သင်ခန်းစာတွေကို အခုအချိန်မှာ ကိုယ့်ဆီက သိနေပြီ။

 

ဒီနေရာမှာ ကျွန်မကတော့ မိမိတို့ကို ရောဂါပိုး ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပေမယ့် ရောဂါကာကွယ်ရေး၊ ကျန်းမာရေးပညာပေးရေး၊ စောင့်ကြပ်ကြည့်ရှုရေး၊ ကုသရေးတာဝန်တွေကို နေ့မအား၊ ညမအား စေတနာနဲ့ တာဝန်ထမ်းရွက်နေကြတဲ့ ထိပ်ဆုံးဦးဆောင်မှုပေးတဲ့ ဗဟိုကနေ ပြည်သူလူထုနဲ့ တကယ်ထိတွေ့ရတဲ့ ရှေ့တန်းအထိ နေရာအသီးသီးမှ ကျန်းမာရေးဝန်ထမ်း ပညာရှင်များကို အလွန်လေးစား ချီးကျူးမိပါတယ်။ ကျွန်မတို့နိုင်ငံမှာ ယခင်ကဖြစ်ပွားခဲ့တဲ့ ကပ်အသွင် ကူးစက်ရောဂါတွေမှာလည်း ဒီလိုပညာရှင်စိတ်အပြည့်နဲ့ တာဝန်ယူခဲ့ကြတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။

 

အခုအချိန်မှာ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အတော်များများကို ကူးစက်နေပြီဖြစ်သလို ကျွန်မတို့ အတွက် အချိန်မရွေး အရေးပေါ်အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒါဆို ပြည်သူတွေ ဘာလုပ်ကြရမလဲ၊ ထိတ်လန့် ကြောက်ရွံ့ နေကြမလား၊ ဘယ်မှမသွားဘဲ နေရမလား။

 

မှန်ကန်တဲ့ သတင်းအချက်အလက်

 

နံပါတ် (၁) ကတော့ မှန်ကန်တဲ့ သတင်းအချက် အလက်တွေရရှိဖို့ပါပဲ။

 

သတင်းမှားတွေကို မယုံကြည် မဖြန့်ဝေဖို့နဲ့ သတင်းမှန်တွေကို ဖြန့်ဝေဖို့လည်း အရေးကြီးပါတယ်။ ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေဆိုရင် ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို အဓိက ဦးဆောင်ပြုဆောင်ရွက်နေတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်တို့မှာ အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။

 

ပြည်သူတွေဟာ ဒီသတင်းတွေကို စိတ်ဝင်တစား စောင့်ဖတ်ကြတာ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန်ဝတ္တရားတွေကို ပိုနားလည်လာကြတာ ဝမ်းသာဖို့ ကောင်းပါတယ်။ တကယ်တမ်းတော့ ဒီကူးစက်ရောဂါ ဖြစ်ပြီဆိုရင် အားလုံးသိရှိကြတဲ့အတိုင်း ပြည်သူ့ဆေးရုံတွေ၊ အဲဒီကမှ သတ်မှတ်ထားတဲ့ ကူးစက်ဆေးရုံတွေကို လိုအပ်သလို လွှဲပြောင်းကုသမှု ခံယူကြရပါတယ်။ ဆင်းရဲ၊ ချမ်းသာ မဟူ၊ ကျေးလက်၊ မြို့နယ်မရွေး နေထိုင်သူတွေအားလုံးဟာ ပုဂ္ဂလိကဆေးရုံတွေ၊ ပြည်ပနိုင်ငံတွေကို သွားရောက် ဆေးကုသလို့မဖြစ်နိုင်ဘဲ ပြည်သူ့ဆေးရုံတွေကိုသာ အားကိုးကြရမှာ ဖြစ်ပါတယ်။

 

ကျွန်မတို့လို ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံငယ်တွေ၊ အရင်းအမြစ် (ကျန်းမာရေးဘဏ္ဍာငွေ၊ ဆေးပစ္စည်း၊ ကိရိယာ၊ ကျွမ်းကျင်ပညာရှင်) တွေ ကန့်သတ်ချက်ရှိတဲ့၊ အားနည်းတဲ့ နိုင်ငံအဖို့ မဖြစ်ခင် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးမို့ ကာကွယ်ခြင်း နည်းလမ်းမျိုးစုံကို ဝိုင်းဝန်း စဉ်းစား အဖြေရှာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သူများတကာဆီက ကူးစက် ဝင်ရောက်လာနိုင်မှာတွေကို ဘက်ပေါင်းစုံက ကာနိုင်သလောက်ကာဖို့လိုပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေရဲ့ သုတေသနအရ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေနိုင်တာဟာ လူ ၁၀၀ မှာ ၂၀ လောက်ရှိနိုင်တာမို့ ရောဂါပိုး ရောက်ရှိနေနိုင်တယ်လို့ ယူဆပြီး ရောဂါကူးစက်နိုင်မယ့် အခွင့်အလမ်းတွေကို ရှောင်ရှားခြင်းသည်သာ အကောင်းဆုံးပါပဲ။

 

ပြည်သူလူထုရဲ့ နောက်တာဝန် တစ်ခုကတော့ အခုချိန်ဟာ လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်းအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ရမယ့် အချိန်အခါ ဖြစ်ပါတယ်။ အာဟာရပြည့်စွာ စားသောက်နေထိုင်ရမယ်။ အိပ်ရေးဝအောင်အိပ်ရမယ်၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အဆုတ်၊ နာတာရှည်ရောဂါ အခံရှိသူများအဖို့ ရောဂါကို ထိန်းချုပ်မှုရအောင် အသေအချာ ကုသမှုခံယူထားရပါမယ်။ သက်ကြီး ရွယ်အိုတွေ အပြင်သိပ်မထွက်ကြဖို့၊ လူမှုရေးနဲ့ ဘာသာရေး ကိစ္စတွေသိပ်အသွားအလာ မလုပ်ကြဖို့လည်း လိုပါတယ်။ ပြည်သူတွေဟာ ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေ၊ ကာရာအိုကေခန်းတွေလို အလုံပိတ် Aircon ခန်းတွေ၊ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ထားသင့်ပါတယ်။

 

နောက်တစ်ချက်ကတော့ လက်ဆေးခြင်းအလေ့အထကို အထူးစွဲမြဲ လေ့ကျင့်ဖို့လိုပါတယ်။ တစ်ခုခု ကိုင်တွယ်ပြီးတိုင်း ကိုယ့်မျက်နှာမကိုင်ခင် အထူးသတိထားပြီး လက်ဆေးဖို့လိုသလို ကိုယ့်ရဲ့ တစ်ကိုယ်ရေ ပစ္စည်းတွေ၊ ဥပမာ- လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်တို့ကအစ လက်သန့်ဆေးရည်လိုမျိုးနဲ့ ပုံမှန်သန့်စင်ဖို့လိုပါမယ်။ ပိုက်ဆံတွေ ကိုင်တွယ်သုံးစွဲတာ အထူးသတိထားရမယ်။ ပြီးတော့ ဒီပိုးဟာ လူတစ်ဦးနဲ့တစ်ဦး နီးကပ်စွာနေရင် ကူးစက်နိုင်တဲ့ အန္တရာယ်များပြီး နှာချေချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားတွေဟာ ခြောက်ပေအတွင်းကဆိုရင် ကူးစက်နိုင်ခြေများတာမို့ ကျန်းမာရေးဌာနက သတိပေးထားသလို social distancing ကို အထူးဂရုစိုက်သင့်ပါတယ်။ ကိုယ်တိုင် ချောင်းဆိုးသူတွေကလည်း ယဉ်ကျေးစွာနဲ့ ဆင်ခြင်ဖို့လိုသလို ရောဂါလက္ခဏာရှိတဲ့သူတွေ တွေ့ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပေးပြီး လိုအပ်တဲ့ ကုသမှုခံယူဖို့၊ အခြားသူတွေ ကူးစက်ပြန့်ပွားခြင်း မရှိစေဖို့ နိုးနိုးကြားကြား သတိရှိဖို့လိုပါတယ်။

 

ဝိုင်းဝန်းကူညီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟာ ဆေးရုံ တွေမှာ လိုအပ်တဲ့ ဆေးဝါး/ဆေးပစ္စည်းတွေ ဖြည့်တင်း ပြင်ဆင်တဲ့ အလုပ်တွေ လုပ်နေပြီ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေ ကူညီကြတာတွေလည်း တွေ့ရပါတယ်။ ငွေကြေးတတ်နိုင်သူတွေ၊ လုပ်အားတတ်နိုင်တဲ့ ပညာရှင်တွေဟာ ဒီအချိန်မှာ ဝိုင်းဝန်းကူညီကြရတော့မှာပါ။ ဘယ်သူ့ကိုမဆို ဆင်းရဲ၊ ချမ်းသာမရွေး ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါအတွက် နိုင်ငံ့ကျန်းမာရေး၊ ပြည်သူအများရဲ့ ကျန်းမာရေးအတွက်လို့ ကျွန်မတို့အားလုံး ဝိုင်းဝန်း စဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

 

စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့သူတွေဟာလည်း ခုအချိန်မှာ ပြည်သူအများကြီးရဲ့ ကျန်းမာရေး၊ အသက်နဲ့ ငွေကြေးအကျိုးအမြတ်ကို ချိန်ထိုးစဉ်းစားဖို့လိုပါမယ်။ ဒါဟာလူ့ကျင့်ဝတ်နဲ့လည်း ညီပါတယ်။ အချို့ကိစ္စတွေဆို ငွေကြေးအကုန်အကျ သိပ်မများလှပါဘူး။ ဥပမာ ဈေးဝယ်စင်တာရဲ့ လှေကားလက်ရန်းတွေကို ပုံမှန်အရက်ပြန်နဲ့ သန့်စင်တာမျိုး၊ လူတွေ လက်သန့်စင်ဖို့ Hand Sanitizer ထားပေးတာမျိုး၊ ကျန်းမာရေးဌာနက ဖြန့်ဝေတဲ့ပိုစတာ၊ လက်ကမ်းစာစောင်တွေကို ပြည်သူတွေကို တစ်ဆင့်ဖြန့်ဝေတာမျိုး၊ လုပ်ငန်းတွေရပ်တန့်ရမှာ၊ စီးပွားရေး ထိခိုက်တာမျိုးတွေ အတွက်လည်း အဓိကထား စိတ်မပူဘဲ ရောဂါကာကွယ်ရေးနဲ့ ဖြစ်လာရင် တစ်တပ်တစ်အား ကူညီဖို့စဉ်းစားသင့်ပါတယ်။ အခုအချိန်မှာ နည်းနည်းဆုံးရှုံးမှာစိုးရင် ဒီထက်ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဆင်ခြင်ကြဖို့ လိုပါမယ်။ လုပ်ငန်းတွေ နှောင့်နှေးလို့ စားဝတ်နေရေး ထိခိုက်မယ့် အခြေခံလူတန်းစားတွေအတွက် ဘယ်လိုစီမံဆောင် ရွက်ပေးမလဲဆိုတာမျိုးတွေကို သက်ဆိုင်ရာအုပ်ချုပ်သူတွေနဲ့ ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားတာမျိုးတွေလည်း လုပ်ထားသင့်ပါတယ်။

 

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းကြီးတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပြင် ဆေးကုသမှု ဝန်ဆောင်မှုပေးနေတဲ့ အခြားဝန်ကြီးဌာနတွေရဲ့ အားကိုလည်း ဒီကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ဝိုင်းဝန်းစုပေါင်း ကူညီပံ့ပိုးပေးသင့်တယ်လို့ မြင်မိပါတယ်။

 

ဒီရောဂါကြီးဟာ ကမ္ဘာ့ကပ်ရောဂါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၁၁ ရက်က ကြေညာခဲ့ပြီး ကမ္ဘာ့တိုက်ကြီးတွေအနှံ့ ပျံ့နှံ့ဖြစ်ပွားနေတဲ့ အခုအချိန်မှာ နိုင်ငံအများရဲ့ စုပေါင်းအားနဲ့ ချိတ်ဆက်၊ သတင်းအချက်အလက်တွေ မျှဝေ၊ ဒေသတွင်းနိုင်ငံတွေ စည်းရုံးစွာဆောင်ရွက်၊ လိုအပ်တဲ့ နိုင်ငံဒေသကို တတ်နိုင်တဲ့နိုင်ငံက ဝိုင်းဝန်းဖြည့်ဆည်းပံ့ပိုးဆိုတဲ့ စုပေါင်းအားနဲ့ တွန်းလှန်ကြရမှာပါ။

 

ကျွန်မတို့ နိုင်ငံအနေနဲ့ကတော့ အစိုးရ၊ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူလူထုတစ်ရပ်လုံး အားလုံးရဲ့ အင်အားနဲ့ စုပေါင်းညီညာဆောင်ရွက်မှ ဒီရောဂါပိုးကို တွန်းလှန်နိုင်မှာပါ။ လိုအပ်ချက်တွေ၊ ကွဲပြားခြားနားမှုတွေအတွက် အပြစ်တင်မနေကြဘဲ အားလုံးရဲ့ နောက်ဆုံးပန်းတိုင်ဟာ ကိုယ်ကိုယ်တိုင်၊ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်နိုင်ငံထဲက ပြည်သူတွေ ရောဂါကူးစက်မခံရဖို့၊ ရောဂါကြောင့် သေဆုံးမှု အနည်းဆုံးဖြစ်စေဖို့ဆိုတာ တွေးကြစေချင်ပါတယ်။ ဖြစ်လာရင် နောက်ဆက်တွဲခံစားရမယ့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ဆိုးကျိုးအလွန် များနိုင်လို့ပါ။

 

ကျန်းမာရေးဌာနမှာလည်း အုပ်ချုပ်သူတွေ၊ ပြည်သူ့ ကျန်းမာရေးဆရာဝန်တွေ၊ ကုသရေးပိုင်းက ဆရာဝန်တွေ၊ ဓာတ်ခွဲဆိုင်ရာပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးဟာ ဒီအချိန်မှာ သူ့ဌာန၊ ကိုယ့်ဌာနရယ်လို့ ဌာနစွဲ၊ သူ့အလုပ်၊ ကိုယ့်အလုပ် ဘာမှမခွဲခြားဘဲ တစ်ယောက်ရဲ့ အလုပ်ကိုတစ်ယောက်က စာနာနားလည်စိတ်နဲ့ ဖေးဖေးမမ အတူတူဖြည့်ဆည်းပြီး စည်းလုံးစွာ ဆောင်ရွက်ကြမှသာ ပိုပြီးထိရောက် အောင်မြင်နိုင်မယ်လို့ မြင်မိပါတယ်။ ပြည်သူအများထဲမှာလည်း အစွဲတွေကင်းပြီး မှန်ကန်တဲ့ အသိဉာဏ်တွေနဲ့ မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်ဖို့ လိုပါတယ်။

 

ကျွန်မရဲ့ စာစုကတော့ စာရေးတတ်တဲ့ ပြည်သူ တစ်ယောက်ရဲ့ အတွေးမျှသာပါပဲ။ ပညာရှင်တွေ ပိုပြီးသိရှိ ကြမှာပါ။ “ဒီကပ်ရောဂါကြီးလည်း အမြန်ဆုံး ထိန်းချုပ်နိုင် ပါစေ။ ကျွန်မတို့ တိုင်းပြည်လည်း ချမ်းသာရာရပါစေ။ ထိခိုက်မှု အနည်းဆုံး ဖြစ်ပါစေလို့”

 

(စည်းလုံးညီညာခြင်းဖြင့် ဝိုင်းဝန်းတွန်းလှန်ရာ၏။ အသိဉာဏ်ပညာဖြင့် ဆောင်ရွက်အောင်မြင်ရာ၏)