ရေသောက်နည်းရင်၊ အသီးအရွက် သိပ်မစားရင် ဝမ်းချုပ်တယ်လို့ ပြောလေ့ရှိကြပါတယ်။ ရှိသေးတယ်… ကောက်ညှင်းစားရင်၊ အပူအပုပ်များရင်လည်း ဝမ်းချုပ်မယ်တဲ့။ ဒါပေမယ့် ဒီလို လူသိများတဲ့အရာတွေထက် နောက်ထပ် တခြား အကြောင်းရင်းတွေ ရှိနေနိုင်တယ် ဆိုတာရော သင်သိပြီးပြီလား။ ဒါတွေကြောင့် ဝမ်းချုပ်စေနိုင်တယ်ဆိုတာ လူသိနည်းပါတယ်။

(၁) အူရောဂါ

အူရောဂါ (IBD) မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစားနှစ်ခု ရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေ ဖြစ်စေနိုင်ပါတယ်။

(၂) လည်ပင်းကြီးရောဂါ

လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် မကောင်းတာ မဟုတ်ပါဘူးလို့ ဘော့စတွန်မှ ပါမောက္ခ Carla H. Ginsburg က ပြောပါတယ်။

(၃) အကိုက်အခဲပျောက်ဆေး

အကိုက်အခဲပျောက်ဆေးတွေက တစ်ခါတလေ ဝမ်းချုပ်စေတတ်ပါတယ်။

(၄) ချောကလက်

ချောကလက်က ဝမ်းချုပ်စေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။ ၂၀ဝ၅ ခုနှစ်က လေ့လာမှုတစ်ခုအရ ရေရှည်ဝမ်းချုပ်နေသူတွေ ဒါမှမဟုတ် အူရောဂါရှိသူတွေမှာ ချောကလက်ကြောင့် ဝမ်းချုပ်ရတယ်လို့ ပြောလို့ရနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

(၅) ဗီတာမင်အားဆေး

အများအားဖြင့် ဗီတာမင်အားဆေးတွေကြောင့် ဝမ်းမချုပ်စေပေမယ့် ကယ်လ်စီယမ်နဲ့ သံဓါတ်လိုမျိုး ပါဝင်ဓါတ်ပစ္စည်းတချို့ကြောင့် ပြဿနာရှိစေနိုင်ပါတယ်။

(၆) ဝမ်းနုတ်ဆေး

ဝမ်းနုတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ သောက်သုံးသင့်ပါတယ်။ သောက်တာများတာ၊
ကာလရှည်ကြာ သုံးစွဲမယ်ဆိုရင် ဝမ်းနုတ်ဆေးတွေကိုပဲ အားထားမှီခိုလာရတဲ့ အနေအထား ဖြစ်လာစေနိုင်ပါတယ်။

(၇) နို့ထွက်ပစ္စည်းတွေ အစားများတာ

ချိစ်နဲ့တခြား အမျှင်ဓာတ်နည်းတဲ့၊ အဆီများတဲ့ အစားအစာတွေ (ဥနဲ့ အသားတို့လို) ဟာ အစာချေဖျက်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။

(၈) စိတ်ကျဝေဒနာ

စိတ်ကျဝေဒနာကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အကုန်နှေးကွေးစေတာကြောင့် အူကိုလည်း သက်ရောက်မှု ရှိပြီး ဝမ်းချုပ်စေနိုင်ပါတယ်။

(၉) အစာအိမ်လေဆေးများ

အစာအိမ်လေဆေး တွေဟာ ရင်ပူနာအတွက် ထိရောက်လှပေမယ့် အထူးသဖြင့် ကယ်လ်စီယမ် ဒါမှမဟုတ် အလူမီနီယမ်ပါဝင်တဲ့ ဆေးတွေမှာ ဝမ်းချုပ်တာလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၁၀) သွေးကျဆေးနဲ့ အလာ့ဂျီဆေးများ

ဝမ်းချုပ်တာဟာ သွေးတိုးရောဂါ ကုသတဲ့ အသုံးများတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ဝေဒနာကို ကုသတဲ့ Antihistamines ဆေးတွေ ကလည်း ဝမ်းချုပ် စေနိုင်တယ် လို့ သိရပါတယ်။

(၁၁) ဆီးချိုရောဂါ နဲ့ အာရုံကြောရောဂါများ

ဆီးချိုရောဂါ ဟာ လူတစ်ယောက်ရဲ့ အစားအစာခြေဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့ အာရုံကြော ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ အဆင့်မြင့်နေသူတွေ အများစုမှာ ဝမ်းချုပ်ခြင်း ကို တွေ့ရတာကြောင့် အမြဲ ပုံမှန် ဝမ်းချုပ်နေသူတွေဟာ သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်သင့်ပါတယ်။ ပါကင်ဆန်ရောဂါ လိုမျိုး အာရုံကြောရောဂါတွေဟာလည်း ဝမ်းချုပ်စေနိုင်တယ်။

ရေးသားသူ Yun Sandi Nan Mon ၊ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win