မတ္တရာ ၁၄ မတ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ တောင်ခေါင်းကြိုးဝိုင်းနှင့် ချောင်းသဘော့ကြိုးဝိုင်းရှိ လယ်မြေ(၆၇.ဝ၂)ဧကအား သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၁၃ ရက်က ပူးပေါင်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မတ္တရာမြို့နယ်ရှိ တောင်ခေါင်းကြိုးဝိုင်းနှင့် ချောင်းသဘော့ကြိုးဝိုင်းတို့၌ ၂၀၁၃ ခုနှစ် စာရင်းကောက်ယူခဲ့သည့် သစ်တောမြေအတွင်း နှစ်ကာလအတန်ကြာ တရားမဝင်အခြေချ နေထိုင်သည့် စာရင်းများအရ လယ်မြေ(၆၇.ဝ၂)ဧကအား သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးအရဖွဲ့၏(၁/၂၀၂၀) ဆုံးဖြတ်ချက် အရ တိုင်းဒေသကြီးလွှတ်တောကိုယ်စားလှယ်ဦးမင်းမင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ကော်မတီတို့ပူးပေါင်းပါဝင်သောအဖွဲ့မှ အဆိုပါကြိုးဝိုင်းများသို့ မြေပြင်ကွင်းဆင်းစိစစ်ခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က စကားပင်ကျေးရွာအုပ်စု ချောင်းသဘော့ကျေးရွာမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းလုပ်ငန်းများအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်ခရိုင်၊ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်သင်းခရိုင်တို့မှ သစ်တောကြိုးဝိုင်းမြေ (၃၃၆၀.၃၃ )ဧကနှင့် သာသနာ/အများပိုင်မြေ(၁၂၆.၂၄)ဧက စုစုပေါင်း (၃၄၈၆.၅၇) ဧကအား နိုင်ငံတော်သမ္မတ၏ လမ်းညွှန်းချက်နှင့်အညီ ပယ်ဖျက်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)