ဝန်းသို   ၁၄   မတ် 

 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ အိမ်တွင်းမှုအတတ်ပညာများဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်လာစေရန်၊ ကုန်ကျစရိတ်နည်းနည်းဖြင့် မုန့်မျိုးစုံကို ပြုလုပ်နိုင်စေရန်နှင့် အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက်ရည်ရွယ်၍ မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ သုံးရက်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဟန်သိမ့်သိမ့်သူက အိမ်တွင်းမှုမုန့်လုပ်ငန်းအဖြစ်  ကြက်သားပေါက်စီ၊ ကြက်ဉလိပ်၊ နှမ်းယို၊ မြေပဲယို၊ ကြက်ဉပူတင်း၊ ကြက်သား အုန်းနို့ ခေါက်ဆွဲ၊ မုန့်ရေပါး စသည့်မုန့်လုပ်နည်းများကို သင်တန်းသား၊ သင်တန်းသူ ၃၀ တို့အား လက်တွေ့သင်ကြားပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ကသာခရိုင် လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်လူငယ်ကိုယ်စားလှယ် တာဝန်ခံ ဦးဟိန်းကျော်ဦးတို့က တက်ရောက်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 
ကျော်မြိုင် (ပြန်/ဆက်)