မုံရွာ ၁၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိသော အထွက်နှုန်း ကောင်း ယိုးဒယားပိန္နဲမျိုးများမှာ စိန်စံတော် အမွှာကြီး (ငါးမွှာတစ်ကီလို)၊ ပိန္နဲသုံးရာသီ (တစ်နှစ်လုံး သီး)၊ ပိန္နဲသူရိယအနီရောင်၊ ပိန္နဲအလုံးကြီး အမွှာကြီး ( တစ်နှစ်လုံးသီး) တို့ကို ကိုင်းထပ်ဆက်ပျိုး သော နည်းပညာဖြင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပိန္နဲမျိုးအားလုံးသည် အိမ်မာမျိုးများဖြစ်၍ အသား ကြွပ်ချိုပြီး အရသာအထူးကောင်းမွန်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးရန်သင့်တော်သည့် အပင်မျိုးဖြစ်ပါကြောင်း စိုက်ပျိုးရေးပညာရှင် ဦးမျိုးတင့်အောင်မှ ပြောကြားသည်။
ယိုးဒယားပိန္နဲမျိုးများသည် အပူပိုင်းဒေသသီးနှံဖြစ်သောကြောင့် ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အလွန်အေးသည့် ရာသီကို မနှစ်သက်ပါကြောင်း၊ မိုးရေချိန် လက်မ ၄၀ မှ ၁၀ဝ ကြား မိုးရွာသွင်းသော ဒေသများတွင် ပိန္နဲပင်များကောင်းစွာ ဖြစ်ထွန်းနိုင်သည့်အပြင် မိုးနည်းဒေသများဖြစ်သော မြန်မာပြည်အလယ်ပိုင်းတွင် ရေသွင်း၍လည်း စိုက်ပျိုးနိုင်ပါကြောင်း ၎င်းက ပြောကြားသည်။
ပိန္နဲပင်များကို မြေချစိုက်ရန် အကောင်းဆုံးအချိန်မှာ မေလနှင့် ဇွန်လများတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ပျိုးထောင်ခဲ့သော တစ်နှစ်သားအရွယ် ပျိုးပင် များကို တစ်ပင်နှင့်တစ်ပင် ပေ ၃၀ မှ ပေ ၄၀ အထိခြား၍ ကျင်းစနစ်ဖြင့် စိုက်ပျိုးနိုင်ပါကြောင်း၊ စိုက်ပျိုးရန်ကျင်းကို သုံးပေပတ်လည်တူး၍ နွားချေး၊ သစ်ရွက်ဆွေး၊ မြေဩဇာနှင့် အပေါ်ယံမြေသား တို့ကို ဆတူရောပြီး စိုက်ပျိုးရပါကြောင်း ၎င်းကပြောကြားသည်။
ယိုးဒယားပိန္နဲမျိုးများ အိမ်မာနှင့်အိမ်ပျော့ဟူ၍ အဓိကနှစ်မျိုးရှိပါကြောင်း၊ အိမ်မာမျိုးသည် အရွက်ဝိုင်း၊ အသားထူး၊ အစေ့ငယ်၊ အခွံချောဖြစ်ပါကြောင်း၊ အိမ်ပျော့မျိုးမှာ အသားနည်း၊ အစေ့ကြီး၊ အခွံကြမ်းဖြစ်ပါကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်ကျော် နှစ်နှစ်နီးပါးအချိန်မှစ၍ ဈေးကွက်သို့တင်ပို့ ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊ တစ်နှစ်လျှင် ပိန္နဲပင်တစ်ပင်ကို အများဆုံး အသီး ၂၅ လုံးမှ အလုံး ၅၀ ထိ သီးပါကြောင်း စိုက်ပျိုးရေးပညာရှင် ဦးမျိုးတင့်အောင်က ပြောကြားသည်။
မွှေးကြူဇင်