ဒီးမော့ဆို  ၁၄  မတ်    

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရဲတပ်မှ မြို့နယ်အတွင်း မှုခင်းအန္တရာယ်လျော့နည်း ကျဆင်းလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ငွေတောင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာခန်းမဆောင်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း က “ကျေးရွာအတွင်း မှုခင်းဖြစ်စဉ်များ မဖြစ်ပွားစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း သိရှိနားလည်ပြီး ယာဉ်မတော်တဆမှု လျော့နည်းလာစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး ကျေးရွာအတွင်း ပျံ့နှံ့မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး  စသော မှုခင်းဆိုင်ရာ အသိပညာများကို ကျေးရွာ ပြည်သူလူထုများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မှုခင်းဖြစ်စဉ်များ မဖြစ်ပွား လာပါက သက်ဆိုင်ရာသို့ အချိန်မီတိုင်ကြားရေး ကျေးရွာပြည်သူလူထုများကို အသိပညာပေးခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး စသော အသိပညာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူလူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)