နေပြည်တော် ၁၄ မတ်
ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေး၊ ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် ရန်ကုန် - သန်လျင် - သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက တည်ဆောက်ရေး စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (PMU) ၏ ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုတည်ဆောက်နေသည့် တံတားပြီးစီးသွားပါက ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသက်သာစေပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ရေကြောင်းသွားသင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာကေတဘက်ခြမ်းနှင့် သန်လျင်ဘက်ခြမ်းတို့၌ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေလည်တိုင်ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သန်လျင် - သီလဝါ အထူးစီးပွားရေးဇုန်လမ်းမကြီးတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)သည် လက်ရှိအသုံးပြုနေသည့် ရန်ကုန်-သန်လျင် အမှတ်(၁)တံတား၏ အနီးတွင်တည်ရှိပြီး ပင်မတံတားအရှည် ၁၉၂၈ မီတာ၊ သာကေတဘက်ခြမ်း ချဉ်းကပ်တံတား ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်း ချဉ်းကပ်တံတား ၁၈၈ မီတာနှင့် ယာဉ်သွားလမ်းအကျယ် (၂၄)မီတာရှိ (၄)လမ်းသွား တံတားဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ် ထူပါရုံရပ်ကွက် ဧရာဝဏ်လမ်းမကြီးပေါ်၌ နတ်မောက်မြို့နယ်အသင်း(ရန်ကုန်) အဆောက်အဦအသစ်ကို ကြည့်ရှုစစ်ဆေးပြီး နတ်မောက်မြို့နယ်အသင်း(ရန်ကုန်) အဆောက်အဦအသစ်တွင် ထားရှိရန် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများကို တာဝန်ရှိသူများထံ ပေးအပ်သည်။
သတင်းစဉ်