မိုးညှင်း ၁၄  မတ်

           

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စုအတွင်း လက်ပံတန်းကျေးရွာရှိ ဒေသခံပြည်သူများ မိရိုးဖလာလုပ်ကိုင်ခဲ့သည့် တံမြက်စည်း (အနု) ပြုလုပ်ရောင်းချမှုဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ရာအိမ်မှူး ဦးထွန်းထွန်းဦးက ပြောသည်။

           

လက်ပံတန်းကျေးရွာသည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဘေးတွင် အိမ်ခြေပေါင်း ၁၄၀ ခန့်ဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာဖြစ်ပြီး တစ်ရွာလုံးနီးပါး တံမြက်စည်း (အနု) ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

“ရွာကအိမ်ခြေ ၁၄၀ ရှိတယ်။ တံမြက်စည်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ကြတယ်။ ရွာမှာရှိတဲ့ အမျိုးသမီးအားလုံးနီးပါး ဒီလုပ်ငန်းလုပ်တယ်။ တစ်ချို့က ကိုယ်ပိုင်လုပ်တယ်။ တစ်ချို့က အငှားပြုလုပ်တယ်။ အိုးမကွာအိမ်မကွာ လုပ်ရတယ်ဆိုတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့” ဟု ဦးထွန်းထွန်းဦးက ပြောသည်။

           

“တစ်ရက်ကို အခြားအလုပ် မလုပ်ဘူးဆိုရင် အချောင်း ၂၀ လောက်ပြီးတယ်။ တစ်ချောင်းကို ၈၀၀ ကျပ်ရတယ်။ ကုန်ကြမ်းနဲ့ အခြားပစ္စည်းတန်ဖိုးတွေ နုတ်လိုက်ရင် တစ်ချောင်းကို ၂၀၀ လောက် ကိုယ့်အတွက်ကျန်တယ်” ဟု အဆိုပါကျေးရွာမှ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြရီက ပြောသည်။

           

ကုန်ကြမ်းဖြစ်သည့် တံမြက်စည်းရိုးကို ရိုးတံအရွယ်အစားအလိုက် တစ်ခုလျှင် ၈ ကျပ်နှင့် ၁၀ ကျပ် ပေးဝယ်ရပြီး ရိုးတံ ၁၀၀ လျှင် တံမြက်စည်း ၃ ချောင်းခန့် ရရှိကာ အဆိုပါတံမြက်စည်းရိုးတံများကို ကချင်ပြည်နယ် မြေပြန့်လွင်ပြင်များနှင့် တောတောင်များအတွင်း အလေ့ကျပေါက်ပင်များအဖြစ် အများအပြားတွေ့ရှိရကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

           

ပြုလုပ်ရရှိသည့် တံမြက်စည်း(အနု)များကို ဒေသတွင်း အသုံးပြုမှုများရှိသလို ရွှေဘို၊ စစ်ကိုင်း၊ မန္တလေးမြို့များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

                          

ကျော်ကျော်ထွေး(မိုးညှင်း)