ထန်းတပင် ၁၅ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စပါးသယ်ယူမှုကို ငွေကြေးကုန်ကျမှုသက်သာစွာဖြင့် စျေးကွက်သို့ လျင်မြန်စွာရောက်ရှိနိုင်စေရန်နှင့် ပျက်စီးလွယ်သော သီးနှံများ သယ်ယူပို့ဆောင်ချိန်တွင် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ကျေးလက် ကုန်ထုတ် ဂဝံလမ်းကို ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးရွာကုန်ထုတ်ဂဝံလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံ ငွေကျပ်သန်း (၂၃.၅၀)ဖြင့် အရှည်ပေ (၂၁၇၀)၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်သန်း(၆၁.၇၈)ဖြင့် အရှည်ပေ (၆၀၀၀)၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မ ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ဆောင်လျက်ရှိသော ကျေးလက်ဂဝံလမ်းကို နှင်းဝေစိုးမိသားစုကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရခွင့်ပြု ရန်ပုံငွေဖြင့် လုပ်ဆောင်လျက်ရှိသောလမ်းကို စောသစ္စာမိသားစုကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ရှင်းပြသည်။
အဆိုပါ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကုန်ထုတ်ဂဝံလမ်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် (၅၀)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး ကျေးရွာဂဝံကုန်ထုတ်လမ်း ဆောင်ရွက်ပြီးပါက တောင်သူများ၏ စိုက်ပျိုးလယ်ယာမြေဧက (၆ဝဝ) ကျော်တို့၏ လယ်ယာထွက်ကုန်သီးနှံများကို ကုန်ကျစားရိတ်များ သက်သာစွာဖြင့် သယ်ယူဆောင်ရွက် သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


