ရန်ကုန် ၁၅ မတ်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဒလမြို့နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးရုံးခန်း၌ မြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ် က ဒလမြို့နယ်၌ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အနှေးယာဉ်လုပ်သားများလည်း ပါဝင်ပါကြောင်း၊ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဘာသာစကား တတ်ကျွမ်းမှုရှိရန်လိုအပ်ပြီး ဘာသာစကားသင်တန်းများ၌ အနှေးယာဉ်လုပ်သားများအား သင်ကြားပေး နိုင်ရေး၊ မြို့နယ်အဆင့်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်း၍ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်ရေး၊ ခရီးသွားကဏ္ဍသည် နိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်ခြင်းကြောင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများကို စနစ်တကျ စည်းကမ်းရှိစွာဖြင့် ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်နှင့် အနှေးယာဉ်လုပ်သားများက မြို့နယ်အတွင်း ခရီးသွားလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ နိုင်ငံခြားသား ခရီးသွားဧည့််သည်များအား ဝန်ဆောင်မှု ဆောင်ရွက်ပေးနေမှု အပိုင်းများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ဒလမြို့နယ်အတွင်းရှိ လူနေမှုဘဝပုံစံများ၊ ဈေးများ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများအား ပြန်လည်သန့်စင်ပြုလုပ်သည့် ပလပ်စတစ် (ကြွပ်ကြွပ်)လုပ်ငန်း၊ ဖယောင်းတိုင်လုပ်ငန်း၊ ရှေးဟောင်းသမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးနှင့် ဒေသခံများ၏ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့များအား ဝင်ရောက်လည်ပတ်လေ့လာလျက်ရှိသည်။ ထိုသို့လည်ပတ်ရာတွင် ခရီးသွားဧည့်သည်များအား ဒေသခံ အနှေးယာဉ်ဆိုက်ကားများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ရန်ကုန်မြို့ ပန်းဆိုးတန်းလဘကူးတို့ရေယာဉ်ဆိပ်ကမ်းမှတစ်ဆင့် ဒလမြို့နယ်အတွင်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


