နေပြည်တော် ၁၅ မတ်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လတ်တလောကြုံတွေ့နေရသည့် COVID-19 ရောဂါကြောင့် ခရီးသွားလုပ်ငန်း တုံ့ဆိုင်းနေသောကာလတွင် ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ အလုပ်သမားများ (အခြေခံပို့ဆောင်ရေး အလုပ်သမားများ)ကို လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ ပို့ချနိုင်ရေး၊ COVID - 19 ရောဂါကြုံတွေ့နေရသည့်ကာလနှင့် အလွန်ကာလများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလမြို့နယ် အ.မ.က (၇) ကျောင်း၌ ဒလမြို့နယ်အတွင်း နိုင်ငံခြားသားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော အနှေးယာဉ်လုပ်သားများအား တွေ့ဆုံပြီး လုပ်သားများတွေ့ကြုံနေရသည့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ကူညီပေး နိုင်မည့်ကိစ္စရပ်များ၊ နိုင်ငံခြားသားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

(သတင်းစဉ်)