ဖားကန့် ၁၆ မတ် 

 

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့်ရတနာ နယ်မြေအတွင်း ကျောက်စိမ်းတူးဖော်ရန် လက်လုပ် လက်စား လုပ်ကွက်(အသစ်) လုပ်ကိုင်လိုသူများအတွက် မတ် ၃ ရက်မှ ၁၃ ရက်အထိ မော်ဝမ်းရပ်ကွက်ရှိ စုပေါင်း ရုံးအဝင် OSS (One Stop Service) ရုံး၌ လုပ်ကွက် လျှောက်လွှာများကို စိစစ်ရောင်းချပေးခဲ့ရာ လုပ်ကိုင်ခွင့်ပြုမည့် လုပ်ကွက် ၃၇၆ ကွက်အနက် လျှောက်လွှာပေါင်း ၃၃၂ စောင် ရောင်းချခဲ့ရသော်လည်း လျှောက်လွှာ တင်သူ ၁၄၁ ဦးသာ ရှိသည်။

 

လုပ်ကိုင်ခွင့်ပြုမည့် လုပ်ကွက်များအနက် လုပ်ကွက် ၁၄၁ ကွက်သာ လာရောက်လျှောက်ထားရာ ရာခိုင်နှုန်းအားဖြင့် ၃၇ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့သည်။

 

လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုချထားပေးမည့်အပေါ် ဒေသခံအများစု စိတ်ဝင်စားခဲ့သော်လည်း ရင်းနှီးမြှုပ်နှံရန် လက်တွန့်နေခဲ့သည့် အနေအထားဖြစ်သည်။

 

ခွင့်ပြုချထားပေးသည့် လက်လုပ်လက်စားလုပ်ကွက်များမှာ နမ္မဖြစ်ဧရိယာတွင် ၈၃ ကွက်၊ မရှီကထောင်ရပ်ကွက် ဂျန်ခပ်ဧရိယာတွင် ၅၄ ကွက်နှင့် တာမခန်/ဟောင်ပါး ဧရိယာတွင် ၂၃၉ ကွက် စုစုပေါင်း ငုတ်တိုင်အမှတ်စိုက်ထူ ထားသည့် လုပ်ကွက်ပေါင်း ၃၇၆ ကွက်တို့ဖြစ်သည်။

 

လျှောက်ထားရန်ကျန်ရှိ လုပ်ကွက်များနှင့် ပတ်သက်ပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ‘‘ကျန်ရှိလုပ်ကွက်တွေကိုတော့ သတင်းထုတ်ပြန်ပြီး ဘယ်နှကွက်ကျန်တယ်၊ ဘယ် အချိန်မှာ ပြန်လည်လျှောက်ထားနိုင်တယ် ဆိုပြီးတော့ လုပ်ငန်း လုပ်ကိုင်လိုသူတွေကို ပြန်ချထားပေးရမှာပါ’’ ဟု ပြောသည်။

 

ခွင့်ပြုချထားပေးသည့် လက်လုပ်လက်စား စည်းမျဉ်းများအဖြစ် လုပ်ကွက်တစ်ကွက်လျှင် တစ်ဧကဖြစ်ပြီး အိမ်ထောင်စုဇယားပုံစံ(၆၆/၆) အိမ်ထောင်စုစာရင်းနှင့် ကချင်ပြည်နယ် မှတ်ပုံတင်(၁/...) ကိုင်ဆောင်ထားသူများ ဖြစ်ရမည့်အပြင် အိမ်ထောင်စုဇယားပုံစံ(၆၆/၆) တစ်စောင်လျှင် လုပ်ကွက်(၁)ကွက်သာ လျှောက်ထားခွင့်ရှိပြီး အိတ်ပိတ်တင်ဒါစနစ်အရ လုပ်ငန်းလုပ်ကိုင်ရန် လုပ်ကွက်တူညီမှုများရှိပါက အခြေခံသတ်မှတ်ဈေးနှုန်းထက် စပေါ်ငွေ ပိုတင်ထားသူက အသာရမည် ဖြစ်သည်။

 

ဒေသခံဦးစားပေးစနစ်အရလည်း မှတ်ပုံတင်(၁/...) ကိုင်ဆောင်ထားသူချင်းလျှောက်ထားမှု လုပ်ကွက်တူညီ နေပါက မြစ်ကြီးနား/ဝိုင်းမော် မှတ်ပုံတင်ကိုင်ဆောင်ထားသူထက် ဖားကန့်/ကာမိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူက အသာရမည်ဖြစ်ပြီး ဆက်လက်တူညီနေပါက အခြေခံ သတ်မှတ်ဈေးနှုန်းထက် စပေါ်ငွေပိုတင်ထားသူက အသာရမည့်ပုံစံအဆင့်ဆင့် တိုင်းတာအကဲဖြတ်သွားမည်လည်း ဖြစ်သည်။

 

လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်လျှင် ပြည်နယ်အစိုးရအဖွဲ့သို့ အခြေခံစပေါ် ငွေကျပ် ၅၀၀၀၀၀၊ မှတ်ပုံတင်ကြေး ငွေကျပ် ၃၀၀၀၊ လျှောက်လွှာတစ်စောင် လျှင်ငွေကျပ် ၁၀၀၀၊ ကွင်းဆင်းစစ်ဆေးခငွေကျပ် ၅၀၀၀၀၊ CSR(ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ) ငွေကျပ် ၁၀၀၀၀၀ တို့ကို ပေးသွင်းရမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ပြုသည့် တစ်နှစ်အတွင်း လေးပင်စနစ်၊ ကိုးပင်စနစ်၊ တွင်းလုံးစနစ်၊ မျောစနစ်၊ အင်းဗြဲစနစ်နှင့် လူးလက်ကြားစနစ်တို့ကို ရေစုပ်စက်၊ လေပေးစက်၊ မီးစက်၊ ကျောက်ဖောက်စက်နှင့် ဗြုံးခါစက် များအသုံးပြု လုပ်ကိုင်နိုင်မည် ဖြစ်သည်။

 

အခြေခံ လက်လုပ်လက်စား လျှောက်ထားသူများ လုပ်ကိုင်လိုသူများ နစ်နာမှုမရှိစေရေးအတွက် အလတ်စားနှင့် အသေးစားလုပ်ကွက် လုပ်ကိုင်ခွင့်ရထားသူများ ဝင်ရောက်လျှောက်ထားခွင့်မရှိဘဲ ကျောက်မျက်တူးဖော် ရေး ကုမ္ပဏီတစ်ခုခုမှ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်သူများလည်း လျှောက်ထားခွင့်ပြုမည့်စာရင်းထဲ မပါဝင်ပေ။

 

တူးဖော်ခွင့်ပြုသည့်တစ်နှစ်အတွင်း သတ်မှတ်ထားသော စည်းမျဉ်းများနှင့်ကိုက်ညီပါက ထပ်မံနှစ်တိုး တူးဖော်ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိကနဦး ခွင့်ပြုချထားပေးသည့် လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များတွင် လုပ်ကွက် ၂၃၅ ကွက်မှာ လစ်ဟာနေဆဲ ဖြစ်သည်။

 

တာလင်းမောင်(ပြန်/ဆက်)