ခန္တီး ၁၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန ခန္တီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီး၍ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းက အသက် ၈၅ နှစ်ပြည့် ဘိုးဘွားများ လူမှုရေးပင်စင်လျှောက်လျှင် ဖြည့်သွင်းရမည့်အချက်အလက်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် လဝကဦးစီးဌာန၏ ထောက်ခံချက်များကို လည်းကောင်း၊ လူမှုရေးပင်စင် ခံစားခွင့်ရသည့် ဘိုးဘွားများကို တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက် ရှိပါကြောင်း Power Point ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ လူမှုရေးပင်စင်ခံစားသူ ခန္တီးမြို့နယ်တွင် ဘိုးဘွား ၄၅ ဦး၊ ဟုမ္မလင်းမြို့နယ် ၂၆၆ ဦး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ၅၅ ဦး၊ လဟယ်မြို့နယ် ၅၃ ဦးနှင့် နန်းယွန်းမြို့နယ်တွင် ၆၄ ဦး ရှိကြောင်း သိရသည်။
စနေမောင်(ခန္တီး)


