ဘားအံ  ၁၆  မတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသည့် ခုံအမှတ်-လဘ-၁၅၂၂ မဆုစန္ဒာလင်းသည် နံနက် ၈ နာရီခွဲခန့်က ဗိုက်အောင့်ဝေဒနာ ခံစားနေရသဖြင့် အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ကရင်)မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် နီးစပ်ရာ ကမ်းနားလမ်း ဆေးခန်းသို့ အသွားအပြန် လိုက်ပါကူညီ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

 

800

 

အမှတ်(၁၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ကရင်)မှ ရဲအုပ်ဝင်းသန့်နှင့် ဒုတပ်ကြပ်ကြီး သက်ဝေမောင်တို့သည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနရှေ့တွင် ကျောင်းသား၊ကျောင်းသူများ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး တာဝန်ထမ်းဆောင်နေစဉ် တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒ ဘာသာရပ် ဖြေဆိုမည့် ကျောင်းသူတစ်ဦး ဗိုက်အောင့်ဝေဒနာ ခံစားနေရကြောင်း ဆရာမတစ်ဦးမှ လာရောက် ပြောကြားသည့်အတွက် အရေးပေါ်မီးတန်းယာဉ်ဖြင့် ကမ်းနားလမ်းရှိ ဆေးခန်းသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေပြီး စာဖြေဆိုချိန်မတိုင်မီ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကျောင်းသို့ အချိန်မီပြန်လည်ရောက်ရှိ၍ စာမေးပွဲကို ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

 

အရေးပေါ်လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် အဆိုပါမီးတန်းယာဉ်အား အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းစာစစ်ဌာနရှေ့တွင် အသင့်အနေအထားဖြင့် ထားရှိပေးထားကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)