မြစ်သား ၁၅ မတ် 

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၁၀၀၀)ဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာလုပ်ငန်းကော်မတီများသို့ ပထမအကြိမ် ဖွံ့ဖြိုးရေးရန်ပုံငွေ (၆၀)ရာခိုင်နှုန်း ငွေထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဉက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့က အမှာစကားပြောကြားခဲ့ကြသည်။

 

ထို့နောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၁၀၀၀)မှ ပထမအကြိမ် (၆၀)ရာခိုင်နှုန်းအဖြစ် ဝက်ထိန်း၊ ပျော်ရွာ၊ ရွာရှည်၊ ယွေး၊ ကင်းစိန်ဈေး(ရ)၊ ရိုးကန်၊ ကျားတွင်း၊ စမြှောင်၊ ဟောင်းနွဲ့၊ ပခမ်း၊ ဇီးဖြူကုန်း၊ ရွှေပေါ်ကျွန်း၊ တောင်တောကုန်း၊ တဲကြီး၊ သစ်တက်ကုန်း၊ မုန္တောလေး၊ မရှက်၊ လင်းဇွဲ၊ အင်းရင်း၊ စစ်ကုန်း၊ တလိုင်းကုန်း၊ မြိုင်ကုန်း၊ ဒါးဝယ်အင်း၊ ကွမ်းတောင်ကုန်း၊ နွားကူးလေး၊ မှိုင်းဟုန်၊ လက်ခုပ်ကုန်း၊ ရဲကုန်း၊ ကံဆွယ် စသည့်ကျေးရွာ (၂၉)ရွာသို့ စုစုပေါင်းငွေကျပ်(၅၁၆)သိန်းအား လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကျေးရွာလုပ်ငန်းကော်မတီများသို့ ဖွံ့ဖြိုးရေးရန်ပုံငွေများကို အသီးသီး ငွေပေးအပ်ခဲ့ကြပါသည်။

 

အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာ(၂၉)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)